The network connection is lost.

Banner Image

ဒဏ်ရာပြဿနာတွေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မေဆင်မောင့်

ယူနိုက်တက်ကွင်းလယ်လူ မေဆင်မောင့်က ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရတဲ့အကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပြီး အခုရာသီကို ယူရိုပါလိဂ်ဆုဖလားနဲ့ အဆုံးသတ်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

မောင့်ဟာ ချဲလ်ဆီးကနေပြောင်းလာပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးခဲ့ရတာဖြစ်ပြီး ၂ ရာသီအတွင်းမှာ ၄၂ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်အကျီနဲ့အတူ ၄ ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး အဲ့ထဲက ၂ ဂိုးက ဘီလ်ဘာအိုနဲ့ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်သားက သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေအကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီး ခက်ခဲတဲ့ရာသီဖြစ်ပေမယ့် ယူရိုပါလိဂ်ဆုဖလားနဲ့ အဆုံးသတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ “အဲ့တာက မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကိုအာရုံစိုက်ထားသလို ကျွန်တော့်စိတ်ထဲမှာလည်း ပစ်မှတ်ရှိပြီးသားပါ။တကယ်လို့ ကောင်းတာတစ်ခုဖြစ်လာမယ်လို့ ခံစားရရင် အဲ့တာက ဖြစ်လာတတ်ပါတယ်။

ယေဘုယျအားဖြင့် ကျွန်တော်ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးခဲ့ရပါတယ်။ ကျွန်တော် ဘီလ်ဘာအိုနဲ့ပွဲက ဂိုးတွေကိုပြန်ကြည့်ဖြစ်ပါတယ်။ အဲ့ညက ကျွန်တော့်အတွက် တကယ့်အံ့ဖွယ်ညပါပဲ။ အရာအားလုံးက အလျင်အမြန်ဖြစ်ပျက်ခဲ့ပါတယ်။ ကျွန်တော့်အတွက် အဆင်ပြေသလိုခံစားခဲ့ရပါတယ်။

အများကြီးမတွေးဖြစ်ခဲ့ပဲ ကျွန်တော်ဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲလည်းအနိုင်ရခဲ့ပါတယ်။ အဲ့တာမျိုးဖြစ်ဖို့ဆိုတာ အမြဲတမ်းမလွယ်ပါဘူး။ ကျွန်တော် ကာရင်တန်မှာ ထိုင်နေရတာများပါတယ်။ လေ့ကျင့်ချင်ပေမယ့် ကျွန်တော် ပွဲတွေပဲကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် အခြေအနေတွေက အကောင်းဘက်ကို ပြန်လည်ပြောင်းလဲခဲ့ပြီး အမြန်ဆုံးပြန်လာနိုင်အောင် အရာအားလုံးပေးခဲ့ပါတယ်။ ကျွန်တော် အခုလိုအခိုက်အတန့်တွေကနေ အများကြီးသင်ယူခဲ့ရပါတယ်”လို့ မောင့်က ဖြေကြားခဲ့ပါတယ်။

တော့တင်ဟမ်နဲ့ဖိုင်နယ်ပွဲမတိုင်ခင် အင်္ဂလန်သားက “ရှုံးနိမ့်မှုတွေက ခက်ခဲပါတယ်။ ဝင်ဘာလေမှာ ကျွန်တော်အနည်းငယ်ခံခဲ့ရဖူးပါတယ်။ သူတို့နဲ့ ကျွန်တော်အချိန်အတော်ကြာကစားဖူးပါတယ်။ ဒါပေမယ့် ခင်ဗျားအနိုင်ရချိန်မှာ အဲ့ခံစားချက်ကို နားလည်နိုင်သလို အမြဲတမ်းလည်း လိုချင်နေမှာပါ။ ကျွန်တော်အဲ့အတွေ့အကြုံဘယ်လောက်ရခဲ့လဲဆိုတာ မသိပါဘူး။ ဒါပေမယ့် ရှုံးနိမ့်မှုတွေကို ကျွန်တော်မလိုချင်ဘူးဆိုတာတော့ ပြောနိုင်ပါတယ်။ 

ပွဲတွေမှာ အမှားအသေးလေးတွေကလည်း ပေးဆပ်မှုကြီးမားနိုင်ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာဆိုရင် ပိုဆိုးပါတယ်။ အမှားသေးသေးလေးတောင် မှားခွင့်မရှိပါဘူး။ အဲ့တာက ခင်ဗျားအရေးနိမ့်စေနိုင်တဲ့အကြောင်းအရင်းပါ။ ကျွန်တော်တို့ ဆုဖလားအောင်မြင်နိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေပါတယ်။ အဲ့အတွက်လည်း သေချာလေးအာရုံစိုက်ကစားရပါမယ်”လို့ မောင့်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်အပြီးမှာ ယူနိုက်တက်ဟာ ရာသီပိတ်နောက်ဆုံးပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ဗီလာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။