
မက္ကာဘီတဲအဗစ်အသင်းပရိသတ်တွေကို ဝင်ခွင့်ပိတ်ပင်မှုနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒွန်ဝေဖန်
ဘာမင်ဂမ်လုံခြုံရေးအဖွဲ့အစည်းဘက်က ဗီလာနဲ့ပွဲအတွက် တဲအဗစ်ပရိသတ်တွေကို ဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်။ အစ္စရေးအခြေစိုက်အသင်းဟာ လာမယ့်လမှာ ယူရိုပါလိဂ်ပွဲအဖြစ် ဗီလာအသင်းနဲ့ကစားရမှာဖြစ်ပြီး ပရိသတ်တွေခိုက်ရန်ဖြစ်ပွားတာကိုရှောင်ကျဉ်နိုင်ဖို့ တာဝန်ရှိသူတွေက အဝေးကွင်းပရိသတ်တွေကို တက်ရောက်ခွင့်တားမြစ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးချုပ်ဂီဒွန်က “ရှက်စရာဆုံးဖြတ်ချက်ပါ။ ယူကေအစိုးရအနေနဲ့ အခုဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲဖို့ ကျွန်တော်တောင်းဆိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ယူကေအတွင်းဝန် စတာမာကတော့ အခုလိုလုပ်ဆောင်တာဟာ ပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားတာကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာအစောပိုင်းတုန်းက တဲအဗစ်နဲ့ယူရိုပါလိဂ်ပွဲမှာ အချင်းများမှုအတွင်း အစ္စရေးအခြေစိုက်အသင်းဘက်ကပရိသတ်တွေပါဝင်ခဲ့တာဖြစ်ပါတယ်။ တဲအဗစ်ပရိသတ် ၁၂၀ ကျော်ဟာ PAOK နဲ့ပွဲမှာ ရဲတပ်ဖွဲ့ရဲ့စောင့်ရှောက်မှုနဲ့ သွားရောက်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရက်သတ္တပတ်အတွင်း နော်ေ၀ ၊ အီတလီတို့နဲ့ပွဲတွေမှာလည်း အစ္စရေးပရိသတ်တွေဟာ အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့သေးတာဖြစ်ပါတယ်။ စတာမာကတော့ တဲအဗစ်ပရိသတ်တွေကို တက်ရောက်ခွင့်မပေးတာဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့ ယုံကြည်နေပါတယ်။
“ဒါက မှားယွင်းတဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့လမ်းတွေထဲမှာ ဂျူးလူမျိုးရေးခွဲခြားတာမျိုးကို ခွင့်မပြုပါဘူး။ ရဲတပ်ဖွဲ့ရဲ့တာဝန်က ပရိသတ်တိုင်းကို စိတ်အေးအေးချမ်းချမ်းနဲ့ ပွဲလာကြည့်နိုင်ဖို့ပါ”လို့ စတာမာကပြောကြားခဲ့ပါတယ်။
ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ကီမီကလည်း တဲအဗစ်ပရိသတ်တွေကို အခုလိုပိတ်ပင်တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။
“ဒါက နိုင်ငံကိုအသရေဖျက်တာပါ။ စတာမာကတော့ ဂျူးတွေကို ဗြိတိန်ကနေကြိုဆိုမှာဖြစ်ပြီး ဂျူးအသိုက်အဝန်းအနေနဲ့လည်း သူတို့အစိုးရကို သက်သေပြရပါမယ်။ သူ့စကားလုံးတွေက လုပ်ရပ်နဲ့အတူ ဂျူးပရိသတ်တွေကို ဘယ်ကွင်းကိုမဆိုသွားနိုင်ဖို့ အာမခံနိုင်မှာလား?။ တကယ်လို့ အဲ့လိုမှမဟုတ်ရင်တော့ အဲ့တာက ရှက်စရာမက်ဆေ့ချ်ပါ”လို့ ကီမီက ပြောကြားခဲ့ပါတယ်။
လေဘာပါတီဝင်ဟောင်း အော်စတင်ကတော့ ရဲတပ်ဖွဲ့အနေနဲ့ အဝေးကွင်းပရိသတ်တွေတက်ရောက်နိုင်အောင် သေချာလေးလုပ်ဆောင်ပေးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ “ဘာမင်ဂမ်က ကောင်းမွန်တဲ့မြို့တစ်မြို့ပါ။ ကမ္ဘာတစ်လွှားက ဘယ်ပရိသတ်ကိုမဆို ကြိုဆိုနိုင်ပါတယ်။ ပြီးတော့ လုံခြုံမှုရှိအောင်လည်း ဖန်တီးပေးနိုင်ရပါမယ်။ နိုင်ငံတကာအားကစားက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ exports ပါ။ လာမယ့် ၂၀၂၈ မှာလည်း ဘာမင်ဂမ်ကကွင်းတွေက ယူရိုပြိုင်ပွဲတွေကျင်းပမယ့်ကွင်းတွေပါဝင်နေပါတယ်။ အခုလိုလုံခြုံမှုအာမမခံနိုင်ဘူးဆိုရင် အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ သေချာလေးလုပ်ဆောင်သွားဖို့လိုအပ်ပါတယ်”လို့ အော်စတင်က ပြောကြားခဲ့ပါတယ်။