The network connection is lost.

Banner Image

လီဗာပူးရဲ့ကမ်းလှမ်းမှုဟာ အချိန်ကိုက်ရောက်ရှိလာတာမျိုး မဟုတ်ဘူးလို့ ရှင်းပြလိုက်တဲ့ ဇူဘီမန်ဒီ

ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ဆိုစီဒက်မှထွက်ခွာဖို့ အချိန်မတန်သေးဘူးလို့ ယူဆထားခြင်းကြောင့် လီဗာပူးရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်းဖြစ်တယ်လို့ ဇူဘီမန်ဒီက ပြောကြားလိုက်ပါတယ်။ အသက်-၂၆ နှစ်အရွယ်ကစားသမားက အခုလအစောပိုင်းမှာပဲ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်း(အမေရိကန်ဒေါ်လာ ၆၇ သန်း)ဖြင့် ရောက်ရှိလာခဲ့ပါတယ်။

တဖက်မှာလည်း ပြီးခဲ့တဲ့နွေရာသီကာလမှာ လီဗာပူးက ဇူဘီမန်ဒီအတွက် ဆိုစီဒက်နဲ့ အဆင့်မြင့်ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် လက်ရှိကလပ်အသင်းမှာ နောက်ထပ်တစ်ရာသီကြာဆက်နေလိုတဲ့ စပိန်လက်ရွေးစင်ကစားသမားရဲ့ဆုံးဖြတ်ချက်ကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပါဘူး။

စင်ကာပူနိုင်ငံဆီရောက်ရှိနေတဲ့ အာဆင်နယ်ရဲ့ရာသီကြိုခရီးစဉ်အတွင်း ဇူဘီမန်ဒီက “ ဆိုစီဒက်မှာ ဆက်ရှိနေချင်လို့ ကျွန်တော့်အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ ကမ်းလှမ်းမှုရောက်ရှိလာချိန်မှာတော့ ကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်အတွက် စတင်စဉ်းစားရပါတယ်။

ကျွန်တော့်အတွက် ပထမဆုံးမေးခွန်းက ဆိုစီဒက်မှာ ဆက်ရှိနေချင်လားဆိုတာပါပဲ။ကမ်းလှမ်းမှုက အချိန်ကိုက်ရောက်ရှိလာတာမျိုး မဟုတ်ပါဘူး။ ဆိုစီဒက်ကလည်း ကျွန်တော့်ဆီ အခွင့်အလမ်းတွေ ပိုမိုပေးလာပြီး သင်ယူစရာတွေလည်း ကျန်ရှိနေသေးလို့ ဆိုစီဒက်မှာဆက်ရှိနေခြင်းဟာ ကျွန်တော့်အတွက် အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။

ကျွန်တော့်ကို အာတီတာ ဘယ်လိုရှုမြင်ထားသလဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ဥရောပရဲ့ထိပ်တန်းနည်းပြတစ်ဦးလို့ ရှုမြင်ခဲ့ပါတယ်။ အဆုံးမှာတော့ ဆိုစီဒက်မှထွက်ခွာချိန် ကျွန်တော့်အတွက် အရည်အသွေးမြင့်နည်းပြတစ်ဦး လိုချင်ခဲ့ပါတယ်။

အဲ့ဒီလိုနည်းပြမျိုးကို ကျွန်တော်ရှာတွေ့ပြီလို့ ထင်ပါတယ်။ ဒီကိုရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ အာတီတာက ပွဲစဉ်တိုင်းအပေါ် ဘယ်လောက်အထိ စေ့စေ့စပ်စပ်လေ့လာသုံးသပ်သလဲဆိုတာကို မြင်တွေ့လိုက်ရပါတယ်။ ဒါကြောင့် ကျွန်တော်လိုချင်တဲ့နည်းပြမျိုးဖြစ်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။