
အဝါကတ် ၃ ကတ်ပြစ်ဒဏ်ကြောင့် လာမယ့်အာဆင်နယ်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်သွားမယ့် ဇူဘီမန်ဒီ
အာဆင်နယ်ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နံနက်က အက်သလက်တီကိုကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီံယံလိဂ်ပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရပြီး ပြိုင်ပွဲအတွင်း အဝါကတ် ၃ ကတ်အထိ ပြသခံခဲ့ရပြီဖြစ်လို့ ဆလာဗီးယားပရာဂူးနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။
ကွင်းလယ်လူဟာ အက်သလက်တီကိုနဲ့ပွဲစဉ်အတွင်း ပွဲကစားချိန် ၃၈ မိနစ်မှာ ပြိုင်ဘက်ကစားသမား နီကိုလက်စ်ဂွန်ဇာလက်ဇ်နဲ့ ဘောလုံးယှဉ်လုရာမှာ ကြမ်းတမ်းသလိုဖြစ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် ဒေးဗစ်မက်ဆာက အချိန်ဆွဲနေခြင်းမရှိဘဲ ချက်ချင်းပဲ အဝါကတ်ပြသ သတိပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါအဝါကတ်ပြစ်ဒဏ်ကို ဇူဘီမန်ဒီသာမက၊ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေက မှန်ကန်တဲ့ဆုံးဖြတ်ချက်မဟုတ်ကြောင်း ယူဆထားကြပါတယ်။
ဇူဘီမန်ဒီဟာ ယခုရာသီအတွင်း ဘီလ်ဘာအို၊ အိုလံပီယာကော့စ်တို့နဲ့ပွဲစဉ်တွေမှာလည်း အဝါကတ်တွေ ဆက်တိုက်ပြသခံထားပြီး ယခုအခါမှာတော့ ၃ ကတ်အထိပြသခံခဲ့ရပြီဖြစ်တာကြောင့် ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းစည်းကမ်းတွေအရ ချန်ပီယံလိဂ်တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် စပိန်လက်ရွေးစင်ဟာ နိုဝင်ဘာလ ၄ ရက်နေ့ ဆလာဗီးယားပရာဂူးနဲ့ပွဲစဉ်ကိုလွဲချော်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့ ဘိုင်ယန်မြူးနစ်နဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်မှာသာ ပြန်လည်ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။
ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေက ဇူဘီမန်ဒီရဲ့ပြစ်ဒဏ်ကျူးလွန်မှုဟာ ပြင်းထန်မှုမရှိကြောင်းနဲ့ အဝါကတ်နဲ့မထိုက်တန်ကြောင်း ပြောကြားခဲ့ကြပြီး ဘူကာယိုဆာကာကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အက်သလက်တီကိုကစားသမား ကိုကီကိုတော့ အဝါကတ်ပြသခဲ့ခြင်းမရှိလို့ ဝေဖန်ထားကြပါတယ်။
ဇူဘီမန်ဒီဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ကွင်းလယ်အတွက် အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပြီး နည်းပြအာတီတာရဲ့ အားကိုးရတဲ့ကွင်းလယ်လူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆလာဗီးယားပရာဂူးနဲ့ပွဲစဉ်မှာတော့ ဇူဘီမန်ဒီမပါဝင်နိုင်တာကြောင့် အာဆင်နယ်ရဲ့နောက်ထပ်ကွင်းလယ်လူတွေဖြစ်တဲ့ ခရစ်ရှန်နော်ဂတ်နဲ့ လူးဝစ်စကယ်လီတို့ ပွဲထွက်လာဖွယ်ရှိပါတယ်။