ချဲလ်ဆီးအသင်းနဲ့ နည်းပြမာရက်စ်ကာတို့ကြား ဘာတွေမှားယွင်းခဲ့တာလဲ
ချဲလ်ဆီးအသင်းကို ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ၆ လတောင် မပြည့်သေးခင်မှာပဲ နည်းပြအန်ဇိုမာရက်စ်ကာတစ်ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါပြီ။ မာရက်စ်ကာလက်အောက် ချဲလ်ဆီးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အဆင့် ၅ နေရာအထိ ဆင်းသွားခဲ့ပါတယ်။ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့လည်း ၁၅ မှတ်တောင် ကွာသွားတာပါ။
ဒီဇင်ဘာ ၃၀ ရက်နေ့က ဘုန်းမောက်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ လက်ထောက်နည်းပြ ဝီလီကာဘာလယ်ရိုက မာရက်စ်ကာတစ်ယောက် နေမကောင်းလို့ မီဒီယာတွေနဲ့ မတွေ့နိုင်တာပါလို့ ပြောခဲ့ပေမဲ့ တကယ်တမ်းတော့ သူဟာ အသင်းမှာ ဆက်နေဖို့၊ မနေဖို့ကို အလေးအနက် စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။ ၂ ရက်အကြာမှာတော့ အီတလီသားဟာ တကယ်ပဲ အသင်းကထွက်ခွာသွားခဲ့ပါပြီ။
အခြေအနေတွေက ဘယ်လိုကနေ ဘယ်လို မှာယွင်းသွားခဲ့တာလဲ? ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာကို အပြတ်အသတ် နိုင်ထားတာကြောင့် အရာအားလုံး အဆင်ပြေနေပုံရပါတယ်။ မာရက်စ်ကာဆိုရင် နိုဝင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုတောင် ရခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒီဇင်ဘာလထဲမှာတော့ ရလဒ်တွေ ဆိုးရွားလာတဲ့အပြင် အသင်းလူကြီးပိုင်းတွေနဲ့ မာရက်စ်ကာကြားမှာ အက်ကြောင်းတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဗာတန်ကို နိုင်တဲ့ပွဲအပြီးမှာ မာရက်စ်ကာက 'ဒီ ၂ ရက်ဟာ ကျွန်တော့်အတွက် အဆိုးရွားဆုံး အချိန်တွေပါပဲ' လို့ ပြောလိုက်တာက အသင်းလူကြီးတွေကို တော်တော်လေး အံ့အားသင့်သွားစေခဲ့ပါတယ်။ ဒီစကားဟာ အသင်းစီမံခန့်ခွဲမှုပိုင်းကို တိုက်ရိုက်ပစ်မှတ်ထား ပြောဆိုလိုက်တာလို့ ယူဆရပါတယ်။
တကယ်တော့ မာရက်စ်ကာဟာ အသင်းလူကြီးတွေက ဘယ်ကစားသမားကို ပွဲထုတ်ရမယ်၊ ဘယ်အချိန်မှာ လူစားလဲရမယ်ဆိုတာတွေကို ဝင်ရောက်စွက်ဖက်နေတာကို မကျေမနပ် ဖြစ်နေတာပါ။ အထူးသဖြင့် ကစားသမားတွေရဲ့ ဈေးကွက်တန်ဖိုးပေါ် မူတည်ပြီး ပွဲထုတ်ဖို့ ခိုင်းစေတာမျိုးကို သူက လက်မခံနိုင်ခဲ့ပါဘူး။ ဒါ့အပြင် မာရက်စ်ကာ က သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် အသင်းဘက်က ကာကွယ်ပေးမှု အားနည်းတယ်လို့လည်း ခံစားနေရပါတယ်။
အသင်းပိုင်ရှင်တွေနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေခဲ့ပါဘူး။ မာရက်စ်ကာက သူ့ရဲ့ မကျေနပ်ချက်တွေကို အတွင်းပိုင်းမှာ မဖြေရှင်းဘဲ မီဒီယာတွေရှေ့မှာ ထုတ်ဖော်ပြောဆိုလေ့ရှိတာကြောင့် အကြီးအကဲတွေက စိတ်ပျက်ခဲ့ကြပါတယ်။ မာရက်စ်ကာဟာ ချဲလ်ဆီးမှာ ဆုဖလား ၂ လုံး ရထားတဲ့အတွက် သူ့ကို ရေရှည်စီမံကိန်းအတွက် နည်းပြတစ်ယောက်ထက်ပိုတဲ့ အသိအမှတ်ပြုမှုမျိုး ရချင်ခဲ့တာပါ။
ဒါပေမဲ့ ချဲလ်ဆီးရဲ့ မူဝါဒကတော့ 'စီမံကိန်းကသာ အဓိက' ဖြစ်ပြီး နည်းပြကို လုပ်ပိုင်ခွင့်တွေ အများကြီးပေးဖို့ထက် အစားထိုးဖို့ကိုပဲ ပိုပြီး အားသန်နေခဲ့ပါတယ်။ အခုတော့ ချဲလ်ဆီးဟာ ဇန်နဝါရီလအတွင်းမှာ မန်စီးတီး၊ အာဆင်နယ်၊ နာပိုလီတို့လို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး နည်းပြသစ်နဲ့အတူ ခက်ခဲတဲ့ ခရီးစဉ်ကို ဆက်လျှောက်ရတော့မှာ ဖြစ်ပါတယ်။