ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ သုံးကြိမ်ဆက်လွဲချော်ပြီးနောက် လက်ခံနိုင်စရာမရှိတဲ့ အရှက်ကွဲမှုအဖြစ် သတ်မှတ်ကာ အီတာလျံအားလုံး တုန်လှုပ်ခြောက်ခြားနေ
ဘောလုံးအားကစားကို အလွန်ရူးသွပ်တဲ့ အီတလီနိုင်ငံအတွက်တော့ အားကစားလောကရဲ့အိပ်မက်ဆိုးကြီးထဲမှာ ဆက်လက်ကျင်လည်သွားရပါဦးမယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ပွဲစဉ်မှာ ဘော့စနီးယားကို ရှုံးနိမ့်ကာ ကမ္ဘာ့အခမ်းအနားဆုံးပြိုင်ပွဲကြီးနဲ့ သုံးကြိမ်ဆက်တိုက်လွဲချော်ပြီးနောက် ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ အီတာလျံသားတွေအားလုံး စိတ်ပျက်လက်ပျက်ဒေါသထွက်ကာ နိုးထလာခဲ့ကြပါတယ်။
အီတလီပြည်တွင်းနာမည်ကြီးနေ့စဉ်သတင်းစာဖြစ်တဲ့ Corriere della Sera ရဲ့ မျက်နှာဖုံးမှာလည်း "ကမ္ဘာ့ဖလားကျိန်စာ"လို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို မွေးထုတ်ပေးခဲ့ဖူးတဲ့ အီတလီနိုင်ငံက ၂၀၀၆ ခုနှစ်မှာ စတုတ္ထမြောက်ကမ္ဘာ့ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပွဲစဉ်တွေမှာ တစ်ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒါကြောင့် အသင်းကို အသစ်ပြန်လည်တည်ဆောက်ဖို့လည်း Corriere della Sera သတင်းစာက တောင်းဆိုထားပါတယ်။
နိုင်ငံရဲ့အဓိကအားကစားသတင်းစာကြီးတွေဖြစ်တဲ့ La Gazzetta dello Sport နဲ့ Corriere dello Sport တို့ကလည်း ကမ္ဘာ့ဖလားမပါတဲ့ နောက်ထပ်နွေရာသီတစ်ခုကို ရည်ညွှန်းပြီး "ကျွန်တော်တို့အားလုံး အိမ်မှာပဲ ကျန်ရစ်ခဲ့ပြီ" ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရေးသားဖော်ပြခဲ့ကြပါတယ်။
အင်္ဂါနေ့၊ ဘော့စနီးယားနဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပေမဲ့ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ၄-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ရောမမြို့ခံပရိသတ်တွေအားလုံး အံ့ဩမှင်သက်ခဲ့ကြပါတယ်။ ဒါက ဆွီဒင်၊ မြောက်မက်ဆီဒိုးနီးယားတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အီတလီအသင်းအတွက် သုံးကြိမ်မြောက်ပလေးအော့ဖ်အဆင့်ရှုံးနိမ့်မှုလည်း ဖြစ်လာပါတယ်။
"ပွဲစကတည်းက အားလုံး လွဲချော်ခဲ့တာပါ။ အသင်းက မကောင်းဘူး၊ ကြံ့ခိုင်မှုမပြည့်ဝတဲ့ ကစားသမားတွေ ပါဝင်ကစားနေတယ်ဆိုတာ လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ တကယ်ကို အံ့ဩမိပါတယ်" လို့ ရောမမြို့ရှိ ဘားတစ်ခုမှာ ဘောလုံးပွဲကြည့်နေတဲ့ Davide Caldaretta က ပြောပါတယ်။
အီတလီလက်ရွေးစင်အသင်းက ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ဖလားအုပ်စုအဆင့်ကို နောက်ဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပြီး အဲ့ဒီတုန်းက ဘော့စနီးယားအသင်းလည်း ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အခုတော့ ဘော်လ်ကန်အသင်းဖြစ်တဲ့ ဘော့စနီးယားဟာ အိမ်ရှင် ကနေဒါ၊ ကာတာ၊ ဆွစ်ဇာလန်တို့နဲ့အတူ အုပ်စု (B) မှာ ပါဝင်ကစားရပါလိမ့်မယ်။
ဒီရှုံးနိမ့်မှုကြောင့် အီတလီနိုင်ငံတစ်ခုလုံး အုံကြွပေါက်ကွဲလာကာ ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီး နိုင်ငံရေးပါတီတွေကလည်း အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဥက္ကဋ္ဌဂရာဗီနာကို ရာထူးမှနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
"ဒါ လက်ခံနိုင်စရာမရှိတဲ့ အရှက်ရမှုပါပဲ။ ဂရာဗီနာနုတ်ထွက်ပေးမှုမှစပြီး အီတလီဘောလုံးလောကကို အကြီးစားပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပါပြီ" လို့ ဝန်ကြီးချုပ်ဂျော်ဂျီယာမီလိုနီရဲ့ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် League Party က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ဂရာဗီနာကတော့ လာမယ့်သီတင်းပတ်၊ ဘောလုံးအဖွဲ့ချုပ်အမှုဆောင်ကောင်စီ အစည်းအဝေးမှာ သူရဲ့ရာထူးနဲ့ပတ်သက်ပြီး သုံးသပ်ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အခုအရေးကြီးပွဲစဉ်ရဲ့ပွဲချိန် ၄၂ မိနစ်မှာမှာ အီတလီအသင်းက ပြိုင်ဘက်ကစားသမားအပေါ် ကြမ်းကြမ်းတမ်းတမ်းဖြတ်ထုတ်မှုကြောင့် ဘတ်စ်တိုနီ ထုတ်ပယ်ခံရလို့ လက်ကျန်ပွဲချိန်တွေကို ကစားသမား ၁၀ ဦးတည်းနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ အီတာလျံတို့ ဦးဆောင်ဂိုးရရှိထားလို့ ပွဲရဲ့ အဓိကအလှည့်အပြောင်းတစ်ရပ်လည်း ဖြစ်သွားခဲ့ပါတယ်။
"ကျွန်မတို့ တကယ်ကို စိတ်မကောင်းဖြစ်ပြီး စိတ်ပျက်မိပါတယ်။ စိတ်ဓာတ်ကျစရာတွေ ရှိနေရင်တောင် အမြဲတမ်း မျှော်လင့်ချက်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သုံးကြိမ်ဆက်တောင် ရှိနေပါပြီ" လို့ Melanie Cardillo က ဆိုပါတယ်။