
ဘင်ဖီကာနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲမတိုင်ခင် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ခြေစွမ်းကို ချီးကျူးလိုက်တဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ကွင်းလယ်ဖန်တီးရှင် အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အရေးပါတဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးခဲ့ပြီး အာဂျင်တီးနားသားရဲ့ ခြေစွမ်းအပေါ် အလွန်ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချာလော့မြို့ရှိ Bank of America အားကစားကွင်းမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ချဲလ်ဆီးနဲ့ ဘင်ဖီကာတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်မှာ အဆင့် ၄ ရရှိကာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် UEFA ကွန်ဖရန့်လိဂ်ဖလားရရှိရေးမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားမှာတော့ အဖွင့်ပွဲစဉ် LAFC ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ပြီး ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။
လက်ကျန် အုပ်စုပွဲစဉ်နှစ်ပွဲလုံး ပွဲထွက်ကစားခဲ့ပြီး တူနီးရှားကလပ် တူးနစ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့ကာ ချဲလ်ဆီးကို ၁၆ သင်းအဆင့်ကို ရောက်ရှိစေခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဖာနန်ဒက်ဇ်ဟာ စုစုပေါင်း ဂိုးနဲ့ ဂိုးဖန်တီးမှုပေါင်း ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
မာရက်စ်ကာက "အန်ဇိုနဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ပထမဆုံးအနေနဲ့ သူဟာ ယဉ်ကျေးသိမ်မွေ့တဲ့ ကောင်လေးတစ်ယောက်ပါ။ ပြီးတော့ ကျွန်တော်တို့စတင်ကတည်းက ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ အရာရာကို ကောင်းကောင်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီရာသီအစမှာတော့ ကျွန်တော်တို့ကစားချင်တဲ့ပုံစံကို နားလည်ဖို့ နည်းနည်းရုန်းကန်ခဲ့ရပေမဲ့ (အဲဒီနောက်ပိုင်း) ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေအပါအဝင် အရေအတွက်အရလည်း အံ့သြစရာကောင်းအောင် လုပ်ဆောင်နေပါတယ်။ ဒါက တိုက်စစ်ကစားသမားတွေဆီကနေ ကျွန်တော်လိုချင်တဲ့အရာပါပဲ။ တိုက်စစ်ကစားသမားတစ်ဦးတည်းက ၄၀ ဂိုးသွင်းတာထက် တိုက်စစ်ကစားသမားတိုင်း ၁၀-၁၂ ဂိုးစီ သွင်းယူတာကို ကျွန်တော်ပိုကြိုက်တယ်လို့ အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ သူရဲ့စွမ်းဆောင်မှုက ထိပ်တန်းဖြစ်ပြီး နောက်ရာသီမှာ ပိုကောင်းလာမှာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"လို့ ပြောခဲ့ပါတယ်။