
နယူးကာဆယ်နဲ့ပွဲမှာ ၂ ဂိုးသွင်းပြီးနောက် ဘောလုံးကစားရတာ ပြန်လည်ပျော်ရွှင်နေပြီလို့ ဖွင့်ဟလာတဲ့ ရက်ရှ်ဖို့ဒ်
ဘာစီလိုနာတောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ သောကြာနေ့နံနက်က ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံးကိုရယူပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ဘောလုံးကစားရတာ ပြန်လည်ပျော်ရွှင်နေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့လက်အောက်မှာ မျက်နှာသာပေးခြင်းမခံရတာကြောင့် ဒုတိယရာသီဝက်ကို အက်စတွန်ဗီလာမှာ အငှားနဲ့သွားရောက်ကစားခဲ့ပါတယ်။ ယခုအခါမှာတော့ ရက်ရှ်ဖို့ဒ်ဟာ တစ်ရာသီအငှားစာချုပ်နဲ့ ဘာစီလိုနာသို့ရောက်ရှိနေတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ လာလီဂါမှာ ဘာစီလိုနာအတွက် ဂိုးသွင်းနိုင်ခြင်းမရှိသေးပေမယ့် ချန်ပီယံလိဂ်မှာတော့ ၂ ဂိုးအထိရရှိထားပြီလည်းဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်ဟာ ၅၈ နဲ့ ၆၇ မိနစ်တွေမှာ သွင်းယူခဲ့တာဖြစ်ပြီး နယူးကာဆယ်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲပြီးကာနီးမှာ အန်တိုနီဂေါ်ဒွန်က သွင်းယူခဲ့ပါတယ်။
ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ် "ကျွန်တော် ကောင်းကောင်းရှေ့ဆက်နေပါတယ်။ ဘောလုံးရဲ့ နည်းလမ်းအသစ်တွေကို ဒီအသင်းမှာ သင်ယူနေပြီး ပိုကောင်းအောင်လုပ်လာနိုင်ပြီလို့ထင်ပါတယ်။ ကျွန်တော် ဒီကိုရောက်နေတာ ဘာစီလိုနာကိုကူညီဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပါ။ ကျွန်တော်က အရင်ကတည်းက ဘာစီလိုနာကို လေးစားပြီးသားလူတစ်ယောက်ပါ။ ဒီမှာနေရတာ အတွေ့အကြုံတွေအများကြီးရပါတယ်"
"ကျွန်တော်တို့ငယ်ငယ်ကတည်းက ဘာစီလိုနာရဲ့ကစားပုံကို သဘောကျခဲ့တာပါ။ ဒီမှာ အရမ်းကောင်းတဲ့ကစားသမားတွေနဲ့ အရမ်းကောင်းတဲ့ဘောလုံးကစားဟန်ရှိပြီး ကျွန်တော်တို့ တတ်နိုင်သလောက် နိုင်ပွဲဖော်ဆောင်ဖို့ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ကစားသမားက "ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ အရမ်းလည်းတက်ကြွနေပြီး အသင်းမှာရှိတဲ့ အရည်အသွေးကြောင့် ဂုဏ်ယူမိပါတယ်။ ဒီကစားသမားတွေနဲ့ တွဲဖက်ခွင့်ရတာ ဘောလုံးကို အစကနေပြန်ကစားရသလို ခံစားရပြီး အသင်းရဲ့လူငယ်လေးတွေက ပွဲအကြောင်းကို ကောင်းကောင်းနားလည်နေပါတယ်"
"ဟန်ဆီဖလစ်ကလည်း ထိပ်တန်းနည်းပြတစ်ဦးပါ။ ဒီနေ့ပွဲအတွက်သူစိတ်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ရမှတ် ၃ မှတ်နဲ့ အသင်းရဲ့ကစားသမားတွေပြသခဲ့တဲ့ ယုံကြည်မှုက သူ့အတွက် ကျေနပ်စရာဖြစ်စေမှာပါ။ အသင်းက အရမ်းအပြုသဘောဆောင်နေပြီး အမြဲတမ်း ဒီလိုပုံစံရရှိနေမယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး ဖလစ်ကလည်း "သူ့ရဲ့စွမ်းဆောင်ရည်ကို မအံ့ဩမိပါဘူး။ သူက အရမ်းတော်တဲ့ကစားသမားဆိုတာ ကျွန်တော်မနေ့ကပြောခဲ့ပါတယ်။ ပါရမီရှင်တစ်ဦးပါ။ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ အဆုံးသတ်မှုတွေက မယုံနိုင်စရာပါ။ ကျွန်တော်တို့အသင်းမှာ ဒီလိုကစားသမားမျိုးလိုအပ်နေတယ်ဆိုတာ ရာသီမစခင်ကတည်းက ပြောထားပြီးသားပါ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။