
အိုလံပီယာကော့စ်နဲ့ပွဲစဉ်မှာ သမိုင်းဝင်စံချန်တွေရရှိခဲ့တဲ့ လိုပက်ဇ်နဲ့ ယာမယ်လ်
ဘာစီလိုနာကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဖာမင်လိုပက်ဇ်နဲ့ လာမိုင်းယာမယ်လ်တို့ဟာ အင်္ဂါနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အိုလံပီယာကော့စ်ကို ၆-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်ရဲ့ သမိုင်းဝင်စံချိန်တွေ အသီးသီးဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ယခုပွဲစဉ်မှာ အိုလံပီယာကော့စ်အနေနဲ့ ပွဲအစပိုင်းမှာပဲ ဦးဆောင်ဂိုးရရှိဖို့နီးစပ်ခဲ့ပေမယ့် ဘာစီလိုနာဂိုးသမား ဆက်ဇနီရဲ့ ကမ္ဘာ့အဆင့်ကာကွယ်မှုကြောင့် ဦးဆောင်ဂိုးနဲ့လွဲချော်ခဲ့ပြီး နောက်ပိုင်းမှာတော့ သွင်းဂိုး ၆ ဂိုးအထိခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ဘာစီလိုနာအတွက်ဦးဆောင်ဂိုးကို လိုပက်ဇ်က ပွဲကစားချိန် ၇ မိနစ်မှာစတင်သွင်းယူပေးခဲ့တာဖြစ်ပြီး ပထမပိုင်းအတွင်းမှာပဲ စပိန်သားဟာ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကို ထပ်မံသွင်းယူပေးခဲ့လို့ ဘာစီလိုနာတို့ ၂-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အဆိုပါ ဒုတိယသွင်းဂိုးကြောင့် လိုပက်ဇ်ဟာ ၂၀၁၂ ခုနှစ်၊ ခရစ်ရှန်တယ်လို နောက်ပိုင်း ဘာစီလိုနာအတွက် ချန်ပီယံလိဂ်မှသွင်းဂိုး ၂ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး စပိန်သားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အိုလံပီယာကော့စ်က ချေပဂိုး ၁ ဂိုးပြန်လည်ရရှိခဲ့ပြီး ပင်နယ်တီမှတစ်ဆင့် ခါဘီက သွင်းယူပေးခဲ့ပါတယ်။ သို့သော်လည်း ၆၈ မိနစ်မှာ လာမိုင်းယာမယ်လ်က ဘာစီလိုနာအတွက် တတိယမြောက်သွင်းဂိုးကို ပင်နယ်တီကနေပဲ ပြန်လည်သွင်းယူခဲ့လို့ အိုလံပီယာကော့စ်အတွက် သရေရလဒ်ရရှိဖို့ ခက်ခဲသွားခဲ့ပါတယ်။
ယာမယ်လ်အနေနဲ့လည်း ပင်နယ်တီကိုဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပင်နယ်တီမှတစ်ဆင့်ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဘာစီလိုနာအတွက်ဂိုးတွေကို မားကပ်စ်ရှက်ဖို့ဒ်က ၂ ဂိုးနဲ့ လိုပက်ဇ်က ၁ ဂိုး ဆက်တိုက်ဆိုသလို ထပ်မံသွင်းယူခဲ့လို့ ၆-၁ နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။
နောက်ထပ်သွင်းဂိုး ၁ ဂိုးထပ်မံရရှိခဲ့တဲ့လိုပက်ဇ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဘာစီလိုနာအတွက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးစပိန်လူမျိုးအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဘာစီလိုနာဟာ အယ်လ်ကလက်စီကိုပွဲစဉ်အဖြစ် လာလီဂါမှာ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။