
တည်ငြိမ်တဲ့ခြေစွမ်း ထိန်းသိမ်းထားနိုင်ခြင်းရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဒီလစ်ချ်
မန်ချက်စတာယူနိုက်တက်ဗဟိုခံစစ်မှူး ဒီလစ်ချ်က သူ့အနေနဲ့ ဒီရာသီမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ဘာကြောင့် တောက်လျှောက်ထိန်းသိမ်းထားနိုင်သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ပါဝင်ကစားထားပြီး အရေးပါတဲ့နောက်ခံလူအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဒီလစ်ချ်ဟာ ပုံမှန်အားဖြင့် ဗဟိုခံစစ်မှူးတစ်ဦးဖြစ်ပေမယ့် ဟယ်ရီမက်ဂွါရီနဲ့တွဲဖက်ကစားရာမှာတော့ ညာစွန်နောက်ခံလူအဖြစ် ပြောင်းလဲကစားပေးနေသူဖြစ်ပါတယ်။
အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဘောလုံးယှဉ်လုနိုင်မှု အများဆုံးမှတ်တမ်းကို ရရှိထားပြီး ယခုအခါမှာတော့ ခြေစွမ်းကောင်းကိုထိန်းသိမ်းထားနိုင်ခြင်းရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ နယ်သာလန်သားက "ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင် ကျွန်တော်ကရာသီကြိုကာလမှာ အပြည့်အဝ ကစားခွင့်ရခဲ့ပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ရာသီကြိုကာလက အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအပြောင်းအရွှေ့တွေ၊ ဒဏ်ရာပြဿနာတွေနဲ့ ယူရိုပြိုင်ပွဲတွေကြောင့် ရာသီကြိုပွဲစဉ်တွေ မကစားခဲ့ရတာ ၅ နှစ်၊ ၆ နှစ်လောက်ရှိပါပြီ"
"အခု ယူနိုက်တက်မှာကစားခဲ့တဲ့ရာသီကြိုပြီးရင် ကျွန်တော် နောက်ဆုံးကစားခဲ့တဲ့ ရာသီကြိုအစီအစဉ်က အေဂျက်စ်မှာဖြစ်ပြီး အဲဒီရာသီက ကျွန်တော့်ဘဝအတွက် အကောင်းဆုံးရာသီဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ရာသီကြိုမှာကစားရဖို့က အရမ်းအရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကျွန်တော်အကောင်းဆုံးအခြေအနေရောက်နေပြီး အသင်းဖော်တွေနဲ့ မန်နေဂျာရဲ့ ယုံကြည်မှုတွေကြောင့်လည်း အခုလိုလုပ်နိုင်ခဲ့တာပါ"
"နောက်တစ်ချက်ကတော့ ကျွန်တော်အခုဆိုရင် ပရီးမီးယားလိဂ်မှာအသားကျလာပါပြီ။ ဒါကလည်း ကျွန်တော့်အတွက်အရေးပါတဲ့ ကူညီမှုတစ်ခုဖြစ်စေပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့အချက်တွေ အကုန်ပေါင်းစည်းလိုက်လို့ အခုလက်ရှိခြေစွမ်းကို ကျွန်တော်ထိန်းသိမ်းထားနိုင်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီမှာ ဒီလစ်ချ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲကစားပြီးချိန်မှာ ဘောလုံးဖြတ်ထုတ်မှု ၁၅ ကြိမ်၊ ကြားဖြတ်ဖမ်းယူမှု ၈ ကြိမ်နဲ့ ဘောလုံးဟန့်တားမှု ၅ ကြိမ်အထိပြုလုပ်ထားနိုင်ပြီး ဘောလုံးပေးပို့မှု အကြိမ် ၃၆၀ မှာလည်း ၈၈ ရာခိုင်နှုန်းအထိ တိကျမှုရှိနေပါတယ်။ ဒါ့အပြင် နယ်သာလန်သားဟာ ဘောလုံးစည်းမျဉ်းစည်းကမ်းအပိုင်းမှာလည်း အတော်လေးထိန်းသိမ်းထားနိုင်ပြီး ပြစ်ဒဏ်ဘော ၅ ကြိမ်သာ ကျူးလွန်ထားကာ အဝါကတ်နဲ့ အနီကတ်တွေ တစ်ကြိမ်မှပြသခံရခြင်းမရှိသေးပါဘူး။
ဆက်လက်ပြီး ဒီလစ်ချ်က "ကျွန်တော်အခု ကျွန်တော့်ရဲ့အကောင်းဆုံးအချိန်ကို ရောက်ရှိလာတော့မယ်လို့ခံစားရပါတယ်။ နောက်ခံလူတစ်ယောက်အတွက် ပုံမှန်အကောင်းဆုံးအချိန်က အသက် ၂၉ နဲ့ ၃၁ နှစ်ဝန်းကျင်ပါ။ ကျွန်တော်အခု အသက်-၂၆ နှစ်ရှိပြီဖြစ်ပြီး အတွေ့အကြုံတွေ့လည်းအများကြီးရထားလို့ မကြာခင်မှာပဲ အကောင်းဆုံးအချိန်ကို ရောက်ရှိလာနိုင်မယ်လို့မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒီလစ်ချ်ဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ်မှယူနိုက်တက်သို့ စတင်ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၅၁ ပွဲအထိကစားထားနိုင်ပါတယ်။ အသက်ငယ်ပေမယ့် အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ကစားသမားဟာ ကစားသမားဘဝတစ်လျှောက် အေဂျက်စ်အတွက် ၁၁၇ ပွဲ၊ ဂျူဗင်တပ်စ်အတွက် ၁၁၇ ပွဲနဲ့ ဘိုင်ယန်မြူးနစ်အတွက် ၇၃ ပွဲ ပါဝင်ကစားပေးထားနိုင်ခဲ့ပါတယ်။