
နယူးကာဆယ်အသင်းနဲ့ပတ်သက်ပြီး ကြိုက်နှစ်သက်ရတဲ့အချက်ကို ထုတ်ဖော်ပြောပြလာတဲ့ မော်ရင်ဟို
အင်္ဂါညပိုင်း၊ ဘင်ဖီကာရဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မော်ရင်ဟိုက နယူးကာဆယ်နဲ့ စိန့်ဂျိမ်းစ်ပတ်ခ်တို့ကို သူကြိုက်နှစ်သက်ရပုံအကြောင်း မှတ်ချက်ပေးပြောပြခဲ့ပါတယ်။ တိုင်နေးဆိုဒ်မှာ မတူကွဲပြားတဲ့မှတ်တမ်းမျိုးပိုင်ဆိုင်ထားပေမဲ့ မော်ရင်ဟိုက နယူးကာဆယ်နဲ့ရင်ဆိုင်ဖို့ စိန့်ဂျိမ်းစ်ပတ်ခ်ဆီ ရောက်ရှိလာရခြင်းကို နှစ်သက်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီသားက ပရီးမီးယားလိဂ်နည်းပြဘဝသက်တမ်းတလျှောက် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းနိုင်ပွဲတစ်ပွဲသာ ရရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ ဘင်ဖီကာနည်းပြအဖြစ်တာဝန်ယူနေသူအတွက် စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း ချန်ပီယံလိဂ်ပွဲစဉ်တစ်ခု စောင့်ကြိုနေပါပြီ။ ၂၀၂၁ ခုနှစ်၊ ဧပြီလ တော့တင်ဟမ်နည်းပြအဖြစ်တာဝန်ယူချိန် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ပြီးနောက် စိန့်ဂျိမ်းစ်ပတ်ခ်ဆီ မော်ရင်ဟိုပထမဆုံးအကြိမ်ပြန်လာမှုကို အခုပွဲစဉ်မှာ မြင်တွေ့ရပါလိမ့်မယ်။
နယူးကာဆယ်က နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနီယံစိန့်ဂီလွိုက်စ်အပေါ် ၄-၀ ဂိုးဖြင့်အနိုင်ရရှိမှု အရှိန်အဟုန်ကို ဆက်လက်တည်ဆောက်ထားဖို့ မျှော်လင့်နေသလို ကွာရာဘတ်၊ ချဲလ်ဆီးတို့ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုအပြီး မော်ရင်ဟိုရဲ့ဘင်ဖီကာအသင်းက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးရမှတ်ရှာဖွေဖို့ စိုင်းပြင်းနေပါတယ်။
အင်္ဂါညပိုင်း၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် အလားအလာအပေါ် မော်ရင်ဟိုက “ ဒီကွင်းမှာ ယှဉ်ပြိုင်ကစားရတာကို ကျွန်တော်ကြိုက်နှစ်သက်ပါတယ်။ ဒါကိုလည်း ကျွန်တော့်ရဲ့ကစားသမားတွေဆီ မနေ့တုန်းကပဲ ပြောခဲ့ပြီးပါပြီ။ ဒီကွင်းမှာကစားရတာ လှပသလို အရမ်းလည်း အံ့အားသင့်စရာကောင်းပါတယ်။ သာမန်ထက်ထူးကဲလွန်းလှတဲ့ ပတ်ဝန်းကျင်တစ်ခုပါ။
ပရိသတ်တွေကိုယ်တိုင်လည်း ဘောလုံးပွဲကြည့်ရုံသက်သက် ဘောလုံးကွင်းဆီရောက်လာခဲ့တာ မဟုတ်ပါဘူး။ သူတို့တွေက အသင်းနဲ့အတူ ပါဝင်ကစားဖို့အတွက် ရောက်ရှိလာကြတာပါ။ ဒီမြို့မှာလည်း ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့လို ကလပ်အသင်းကြီးတွေ တည်ရှိတဲ့ လန်ဒန်နဲ့ မတူညီတဲ့ ယဉ်ကျေးမှုပုံစံမျိုး ရှိပါတယ်”လို့ ပြောပါတယ်။
အတိတ်မှာ မော်ရင်ဟိုက ချဲလ်ဆီးကို သက်တမ်းနှစ်ကြိမ်တိုင် ကိုင်တွယ်ခဲ့ဖူးပေမဲ့ နယူးကာဆယ်ရဲ့ ထူးခြားတဲ့ သဘောသဘာဝကို ထောက်ပြပေးဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ မော်ရင်ဟိုက “ ဒီကွင်းမှာကစားရတာ လှပပါတယ်။ အလှတရားနဲ့ ခြွင်းချက်မရှိပြည့်စုံပါတယ်။ ပြိုင်ဘက်အဖြစ် ရောက်ရှိလာတယ်ဆိုရင်တောင် ဒီကွင်းကြီးမှာကစားရတာ အခွင့်ထူးတစ်ရပ်ဖြစ်ပါတယ်။ သူတို့ရဲ့နောက်မှာ အိမ်ကွင်းပရိသတ်ထုကြီးရှိပြီး ဒီစွမ်းအင်တွေကိုလည်း ရရှိကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ဒီစိတ်ခံစားချက်အပေါ် ခံနိုင်ရည်ရှိဖို့နဲ့ ကိုင်တွယ်ဖို့အတွက် လုံလောက်တဲ့ကြံ့ခိုင်မှုမျိုး ရှိထားရပါမယ်။ တခါတလေ ဒုက္ခကြုံမှာဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့အရည်အချင်းတွေကို တက်နိုင်သမျှ ပြသသွားရပါမယ်။ ခက်ခဲမယ်ဆိုပေမဲ့ ဘောလုံးရဲ့သဘောဘဘာဝဆိုတာ ဒါပါပဲ”လို့ ပြောပါတယ်။
အနာဂတ်မှာ နယူးကာဆယ်ကိုကိုင်တွယ်မယ့်အလားအလာနဲ့ပတ်သက်လို့ မော်ရင်ဟိုက “ သူတို့တွေ နည်းပြသစ်လိုအပ်နေပြီ၊ ကျွန်တော့်ကို လိုအပ်နေပြီလို့ မယူဆမိပါဘူး။ ဟိုဝီအတွက် အကောင်းဆုံးဖြစ်နေစေဖို့ပဲ မျှော်လင့်မိပါတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ ဘယ်ကလပ်အသင်းအတွက်ကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဘင်ဖီကာကို အပြောင်းအလဲပြုလုပ်မှာ မဟုတ်ပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။