The network connection is lost.

Banner Image

နည်းပြဖြစ်ဖို့ အခွင့်အလမ်းတွေ ဘာကြောင့် ပိုမရသလဲဆိုတာ နားလည်ရခက်ခဲတယ်လို့ ပြောကြားလိုက်တဲ့ ဂျွန် တယ်ရီ

ဂျွန် တယ်ရီက သူဟာ ဘာကြောင့် အလုပ်ကမ်းလှမ်းမှုတွေ ပိုမိုမရရှိသလဲဆိုတဲ့ အချက်အပေါ် ရှုပ်ထွေးမိကြောင်း ဖွင့်ဟပြောကြားလိုက်ပြီး တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးအသင်းကို ကိုင်တွယ်လိုတဲ့ သူ့ရဲ့ရည်မှန်းချက်ကိုလည်း လက်လျှော့လိုက်ပုံရပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ လက်စတာ စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း အသင်းကြီးနည်းပြရာထူးတစ်ခုမှ မရရှိတော့ဘဲ ကမ်းလှမ်းမှုတွေလည်း ရောက်မလာခဲ့ပါဘူး။

တယ်ရီဟာ ကမ္ဘာ့အဆင့် ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလားနဲ့ အက်ဖ်အေဖလား ၅ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ အက်စတွန် ဗီလာအသင်းမှာ ခဏတာကစားပြီးနောက် အနားယူခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၇၈ ပွဲ ကစားပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ နည်းပြလောကထဲကို ဝင်ရောက်ဖို့ ပြင်ဆင်ခဲ့ပုံရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဘောလုံးသမားဘဝက အနားယူပြီးပြီးချင်းမှာပဲ မန်နေဂျာ ဒင်း စမစ်နဲ့အတူ ဗီလာအသင်းရဲ့ လက်ထောက်နည်းပြချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပေမယ့် သုံးနှစ်အကြာမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ 

အဲ့ဒီနောက် ချဲလ်ဆီးအသင်းမှာ နည်းပြအတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့ပြီးမှ လက်စတာ စီးတီးက စမစ်ရဲ့ နည်းပြအဖွဲ့ထဲကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။ မြေခွေးတွေနဲ့အတူ သူ့ရဲ့အချိန် ပြီးနောက်မှာတော့ သူဟာ အသင်းကြီးဘောလုံးလောကမှာ ဘယ်ရာထူးကိုမှ မရရှိတော့ပါဘူး။ သူ့ရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ ဖရန့် လမ်းပတ်၊ စတီဗင် ဂျာရတ်နဲ့ ဝိန်း ရွန်းနီတို့အားလုံး နည်းပြရာထူးတွေ ရရှိနေကြတာကို တွေ့မြင်နေရချိန်မှာ သူကြုံတွေ့နေရတဲ့ အခြေအနေအပေါ် နားမလည်နိုင်ဖြစ်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ တယ်ရီက သူ့ရဲ့အိပ်မက်ဟာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ဖို့ဖြစ်ကြောင်း ဖွင့်ဟခဲ့ပေမယ့် အဲ့ဒီစိတ်ကူးယဉ်အိပ်မက်ကိုတော့ လက်လျှော့အရှုံးပေးရမလို ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

သူက "ဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့။ ဒါက ကလပ်အသင်းမှာ ကျွန်တော်ရှိနေတဲ့ တစ်ခုတည်းသော နောက်ဆုံးအိပ်မက်ပါပဲ။ ချဲလ်ဆီးမှာ ကျွန်တော် အရာအားလုံး လုပ်ခဲ့ပြီးပြီ။ အခု ကျွန်တော့်အတွက် လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက ကလပ်အသင်းရဲ့ မန်နေဂျာဖြစ်ခွင့်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

"ဒါကြောင့်ပဲ ကျွန်တော် ကစားသမားဘဝက အနားယူပြီးတော့ နည်းပြလောကထဲ ဝင်ခဲ့တာ။ ကျွန်တော့်ရဲ့ စိတ်ကူးနဲ့ အိပ်မက်က ဒီအလုပ်ရဲ့ ပညာရပ်ကို နည်းနည်းလောက် သင်ယူဖို့ပါပဲ။ ကစားသမားတစ်ယောက်အနေနဲ့ ၂၂ နှစ်အကြာမှာ အနားယူတယ် မန်နေဂျာလုပ်ဖို့ လုံလောက်တဲ့ သင်ယူမှုတွေ ရခဲ့ပါတယ်"

"ကျွန်တော် ကစားခဲ့တဲ့ အဆင့်အတန်းနဲ့ ကျွန်တော် ကစားခဲ့ဖူးတဲ့ မန်နေဂျာတွေ ကြောင့်ပါ။ ဒါပေမဲ့ ဒါက ခင်ဗျားကို အဆင့်တစ်ခုမှာ မန်နေဂျာဖြစ်ခွင့် ချက်ချင်း ပေးတာတော့ မဟုတ်ဘူး။ ခင်ဗျားက သင်ယူနေရဦးမှာပဲ၊ ဘာတွေလိုအပ်သလဲဆိုတာ နားလည်ရဦးမယ်"

"နည်းပြဘက်ခြမ်းမှာ လုပ်ရတာတွေ အများကြီး ပိုရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော် အဝေးထွက်ပြီး ပညာသင်ခဲ့တယ်၊ ဗီလာမှာ အံ့မခန်းအချိန်တွေ ပိုင်ဆိုင်ခဲ့တယ်၊ နံပါတ်တစ် မန်နေဂျာ ဖြစ်ဖို့ ဗီလာကနေ ထွက်ခဲ့တယ်၊ ကျွန်တော် အဆင်သင့်ဖြစ်ပြီလို့ ထင်ခဲ့တာ။ ကျွန်တော်က တကယ်ကောင်းတဲ့ နံပါတ်တစ် ဖြစ်လာမယ်လို့ ထင်တယ်၊ နည်းပြလုပ်ရတဲ့ အပိုင်းကို ကျွန်တော် ပျော်ပါတယ်"

"ကျွန်တော့်ပတ်ဝန်းကျင်မှာ ကျွန်တော့်ထက် ပိုတော်တဲ့ နည်းပြတွေ ရှိစေချင်တယ်။ အဲ့ဒီအခါကျမှ ကျွန်တော်က အဝတ်လဲခန်းနဲ့ အသင်းကို ကစားသမားဘဝကလို ဦးဆောင်နိုင်မှာ။ ဒါကို ကလပ်မှာ ၂၂ နှစ်လုံးလုံး ကျွန်တော် လုပ်ခဲ့တာပါ။ ကျွန်တော် ဒါကို ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ သိတယ်။ ကျွန်တော် အခွင့်အလမ်းရော ရပါ့မလား။ တခြားအရာတွေ အတွေ့အကြုံတွေ မလုပ်ဘဲနဲ့တော့ မသေချာဘူး။ ဒါပေမဲ့ လူတွေက ခင်ဗျားမှာ အတွေ့အကြုံမရှိဘူးလို့ ပြောလာတဲ့အခါ၊ ဒါကို နားလည်ရ တကယ်ခက်ခဲပါတယ်" လို့ တယ်ရီက ပြောပါတယ်။

တယ်ရီက သူဟာ အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်မှာ အလုပ်ရဖို့ ကြိုးစားနေတာ မဟုတ်ဘဲ၊ အသက် ၄၄ နှစ်အရွယ်မှာ သူ့ရဲ့နည်းပြဘဝကို စတင်နိုင်ဖို့ လိဂ်ဝမ်း (တတိယတန်း) ကလပ်တစ်ခုမှာတောင် ဆင်းပြီး လုပ်ကိုင်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

သူက "ကျွန်တော် ဗီလာကို ရောက်သွားတုန်းက ဒင်း စမစ် လက်အောက်မှာ အတွေ့အကြုံကောင်းတွေ အများကြီးရခဲ့ပြီး တန်းတက်ခွင့်ရခဲ့တာက မယုံနိုင်စရာပါပဲ။ ပရီးမီးယားလိဂ်မှာ လက်ထောက်နည်းပြတစ်ယောက်အနေနဲ့၊ ချဲလ်ဆီးရော အင်္ဂလန်မှာပါ ကစားသမားတစ်ယောက်၊ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်ရခဲ့တဲ့ အတွေ့အကြုံတွေက အလုပ်တစ်ခုရဖို့ လုံလောက်ပြီလို့ ထင်ခဲ့တာ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော် ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံရှစ်မှာ အလုပ်ရဖို့ ပြောနေတာ မဟုတ်ဘူး -လိဂ်ဝမ်း အဆင့်လောက်က အလုပ်တစ်ခုကို ဆိုလိုတာပါ" "ကျွန်တော် အနံ့တောင် မရခဲ့ပါဘူး။ အင်တာဗျူးတွေ ဖြေခဲ့ရတယ်၊ ရလာတဲ့အဖြေက 'ခင်ဗျားမှာ အတွေ့အကြုံမရှိဘူး' ဆိုတာပဲ။ ဒီနေ့ခေတ်မှာ မန်နေဂျာလုပ်နေတဲ့ လူတချို့ကို မြင်တဲ့အခါ၊ ကျွန်တော် တော်တော် အံ့ဩမိတယ်၊ တကယ်ကိုပါပဲ" 

"ကျွန်တော် စိတ်ပျက်မိလား' ဆိုရင်၊ ဟုတ်ကဲ့၊ လုံးဝပါပဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ တကယ်ကောင်းတဲ့ နည်းပြ၊ ဒါမှမဟုတ် တကယ်ကောင်းတဲ့ မန်နေဂျာတစ်ယောက် ဖြစ်နိုင်မယ့် အရည်အသွေးကောင်းတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့ဒါတွေ ဖြစ်မလာခဲ့ပါဘူး" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

တယ်ရီဟာ နည်းပြခုံတန်းလျားပေါ် ခုန်တက်ဖို့ အဆင်သင့်ဖြစ်နေပြီး ဆန္ဒပြင်းပြနေတာ ထင်ရှားပေမယ့် လိဂ်ဝမ်းကလပ်တစ်ခုက သူ့ကို စမ်းသပ်ခန့်အပ်ဖို့ ဆန္ဒရှိမရှိ ဆိုတာကတော့ မသေချာပါဘူး။ သူဟာ နည်းပြနေရာ အပြောင်းအလဲတွေကို သေချာပေါက် အနီးကပ် စောင့်ကြည့်နေမှာဖြစ်ပေမယ့်၊ အသင်းခေါင်းဆောင်ဟောင်းအတွက်တော့ ချဲလ်ဆီး နည်းပြရာထူးက အလှမ်းဝေးနေဆဲ ဖြစ်ပုံရပါတယ်။