The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ချိတ်ဆက်ထားတဲ့ အပြောင်းအရွှေ့သတင်းတွေကို တုံ့ပြန်မှတ်ချက်ပေးလာတဲ့ မက်အယ်လစ္စတာရဲ့ဖခင်

မက်အယ်လစ္စတာရဲ့ဖခင်က အနာဂတ်နဲ့ပတ်သက်လို့ အကောင်းဆုံးဖြစ်မယ်လို့ယူဆထားတဲ့အရာကို လီဗာပူးကွင်းလယ်ကစားသမားကိုယ်တိုင် လုပ်ဆောင်သွားမှာပါလို့ အကြုံပြုပြောဆိုရင်း ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်ထားတဲ့ လတ်တလောအပြောင်းအရွှေ့သတင်းတွေအပေါ် တုံ့ပြန်သွားပါတယ်။

မက်အယ်လစ္စတာက အင်္ဂါနေ့၊ စပိန်ဘီလူးကြီးအနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့ စိတ်အားတက်ကြွဖွယ် ချန်ပီယံလိဂ်အောင်ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်ကစားသမားကို စပိန်နိုင်ငံရဲ့မြို့တော်ဆီပြောင်းရွှေ့ဖို့ အပြင်းအထန်ချိတ်ဆက်လာမှုနဲ့အတူ နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ်သာ ရယ်မောပျော်ရွှင်သူ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

သတင်းတွေမှာလည်း ရီးရဲလ်မက်ဒရစ်က အခုနွေရာသီကာလအတွင်း ကစားသမားအတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပေမဲ့ ပေါင် ၈၈ သန်းဆိုတဲ့ လီဗာပူးရဲ့တောင်းဆိုဈေးကို မဖြည့်ဆည်းချင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ လတ်တလော AS နဲ့အင်တာဗျူးအစီအစဉ်မှာ ကစားသမားရဲ့ဖခင် ကားလို့စ်မက်အယ်လစ္စတာက သူ့ရဲ့သားမှာ ကလပ်အသင်းသစ်ရှာဖွေဖို့ အကြောင်းပြချက် မရှိဘူးလို့ ပြောဆိုရင်း အပြောင်းအရွှေ့ကောလာဟလတွေကို တုံပြန်လာခဲ့ပါတယ်။

ကားလို့စ်မက်အယ်လစ္စတာက “ ကောလာဟလတွေကို ကျွန်တော် ကြားသိရပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ကောလာဟလသာ ဖြစ်ပါတယ်။ ဒီနေရာမှာ ချိတ်ဆက်မှု ဆိုတာ လုံးဝမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်သားဆီ ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းတွေ ချိတ်ဆက်လာတယ်ဆိုတာ အမြဲတမ်းလိုလိုကောင်းမွန်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဆိုတာ အရမ်းကောင်းတဲ့ကလပ်အသင်းတစ်ခု ဖြစ်သလို လီဗာပူးလည်း အလားတူပါပဲ။ မက်အယ်လစ္စတာကိုယ်တိုင် ပါဝင်နေတဲ့၊ ယုံကြည်နေတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် လေးစားမှုရှိရမယ်ဆိုတဲ့ တာဝန်တစ်ရပ် ကျွန်တော်တို့အားလုံးမှာ ရှိနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သတိထားရပါမယ်။ အခု သူက လီဗာပူးအတွက် ကစားပေးနေတာပါ။ အနာဂတ်မှာ အခွင့်အရေးပေါ်လာပြီး သင့်တော်မှုရှိမယ်ဆိုရင် သူကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်တွေ ချမှတ်ပါလိမ့်မယ်။

ဒီလိုပုံစံမျိုးနဲ့ပဲ ကျွန်တော့်ရဲ့ရင်သွေးတွေကို ပြုစုပျိုးထောင်ခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့အတွက် အမြင်တွေကို လွတ်လွတ်လပ်လပ်ဖော်ပြသလို သူတို့ကိုယ်တိုင်လည်း သူတို့အတွက် အကောင်းဆုံးဖြစ်မယ်လို့ ယူဆတဲ့အရာကို လုပ်ရမယ့်တာဝန် ရှိပါတယ်”လို့ ပြောပါတယ်။