အထင်ကြီးလောက်စရာနိုင်ပွဲအပြီး မန်စီးတီးနဲ့ပွဲစဉ်ဆီ အာရုံစိုက်နေတဲ့ အန်းစလော့
အန်ဖီးလ်မှာ ရီးရဲလ်မက်ဒရစ်ကို အထင်ကြီးလောက်စရာကောင်းအောင် နောက်တစ်ကြိမ်အနိုင်ယူပြီးနောက် အန်းစလော့က ချန်ပီယံလိဂ်မှာပြသနေတဲ့ခြေစွမ်းမျိုးကို ပရီမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးတိုက်ပွဲဆီ သယ်ဆောင်လာဖို့ လီဗာပူးအသင်းဆီ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ လီဗာပူးနည်းပြက ဗင်နီးစီးယက်စ်နဲ့ရင်ဆိုင်ရချိန် ထူးချွန်စွမ်းဆောင်ရည်မျိုးပြသခဲ့တဲ့ ဘရက်ဒလေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပြီး ခံစစ်အစွန်ကစားသမားနဲ့ အနိုင်ဂိုးရှင်မက်အယ်လစ္စတာတို့ရဲ့ခြေစွမ်းပိုင်းဟာ သူ့အသင်းရဲ့ကြံ့ခိုင်မှုနဲ့ အင်အားတောင့်တင်းလာမှုကို ပြသနေတဲ့ လက္ခဏာရပ်တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရက်ဒလေက နှစ်ရာသီဆက်၊ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်တွေမှာ တောက်ပနိုင်ခဲ့ပြီး အန်ဖီးလ်ဆီ တကျော့ပြန်ရောက်ရှိလာတဲ့ လီဗာပူးညာနောက်ခံလူဟောင်းအာနိုးလ်ကတော့ ပွဲချိန်တလျှောက်လုံး ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ပရီမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားတဲ့ အန်းစလော့က ဇာဘီအလွန်ဆိုရဲ့အသင်းနဲ့ရင်ဆိုင်ရချိန် ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို လာမယ့်တနင်္ဂနွေနေ့၊ မန်စီးတီးနဲ့ပွဲစဉ်မှာလည်း ပြသနိုင်ရမယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒတ်ချ်လူမျိုးနည်းပြက အခုရာသီ၊ အသင်းရဲ့ပြည်တွင်းလိဂ်ပြေးလမ်းကို အပြောင်းအလဲပြုလုပ်ဖို့ အခွင့်အရေးတွေ အများကြီးကျန်ရှိနေသေးတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
အန်းစလော့က “ ဒီစွမ်းဆောင်ရည်ပိုင်းက အထင်ကြီးလောက်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က မယုံကြည်နိုင်လောက်စရာကောင်းအောင် ပုံစံကောင်းရနေတဲ့ အံ့သြမှင်သက်လောက်စရာ အသင်းတစ်ခုကို ရင်ဆိုင်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုအနိုင်ရရှိတာ အလွန်အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့က အလွတ်တည်ကန်ဘော(Set-piece)တစ်ကြိမ်နဲ့ အနိုင်ယူခဲ့တာလို့လည်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Set-piece မှတဆင့် လေးဂိုးအထိ သွင်းယူထားပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အခုလိုမျိုးသွင်းယူနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ရမှတ်က အခုထက် ပိုများနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ဂိုးမှမသွင်းယူနိုင်ဘဲ Set-piece ပေးဂိုး ငါးဂိုးအထိ ရှိခဲ့ပါတယ်။ ဒါကသာ ကိုယ့်အသင်းရဲ့မျှခြေတစ်ခု ဖြစ်နေမယ်ဆိုရင် ရမှတ်တွေ အများကြီးမရှာဖွေနိုင်ပါဘူး။
လာမယ့်တနင်္ဂနွေနေ့မှာလည်း နောက်ထပ်အရမ်းအင်အားတောင့်တင်းတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရပါဦးမယ်။ ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်မှာ ရမှတ်အများကြီးဆုံးရှုံးခဲ့ပေမဲ့ ချန်ပီယံလိဂ်မှာတော့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ပိုကောင်းအောင်လုပ်သွားဖို့ မဖြစ်မနေလိုအပ်ပြီး ကိုယ်တိုင်လည်း ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့အတွက် သက်သေပြနိုင်ဖို့ ပွဲစဉ်တွေ အများကြီးကျန်နေပါသေးတယ်”လို့ ပြောပါတယ်။
ဘရက်ဒလေနဲ့ပတ်သက်လို့ အန်းစလော့က “ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းက ပြောင်မြောက်လွန်းပါတယ်။ ပြီးခဲ့တဲ့ရာသီ၊ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရချိန်မှာလည်း အကောင်းဆုံးခြေစွမ်းပြခဲ့ပေမဲ့ ပွဲချိန်မိနစ် ၈၀ ကျော်မှာ ဒဏ်ရာရသွားလို့ ကွင်းတွင်းမှထွက်ခွာလာရပါတယ်။ အခုတော့ အက်စတွန်ဗီလာနဲ့ပွဲစဉ်အပြီး သုံးရက်အကြာမှာ သူက ဗင်နီးစီးယက်စ်ကို မိနစ် ၉၀ ပြည့် ရင်ဆိုင်ကစားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါမှာ ၂၆ ဂိုးအထိ သွင်းယူထားပြီး ဗင်နီးစီးယက်စ်နဲ့ အမ်ဘာပေဆိုရင် နှစ်ဦးပေါင်းဂိုးပါဝင်ပတ်သက်မှု ၂၄ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ထူးချွန်ကစားသမားကောင်းတွေက ဂိုးတွေ သွင်းယူနိုင်သလို ဖန်တီးပေးမှုလည်း ပြုလုပ်လေ့ရှိပါတယ်။ ဘရက်ဒလေကတော့ ဗင်နီးစီးယက်စ်နဲ့ရင်ဆိုင်ရချိန်မှာ အကောင်းဆုံးကစားသွားခဲ့ပါတယ်”လို့ ပြောပါတယ်။