The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုရင် လီဗာပူးအနေနဲ့ အမှားအယွင်းမရှိ ပြီးပြည့်စုံနေဖို့လိုကြောင်း အန်းစလော့ဝန်ခံ

လီဗာပူးနည်းပြ အန်းစလော့က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လက်ကျန်ပွဲစဉ်တွေမှာ အမှားအယွင်းမရှိ ကစားနိုင်ရန်လိုအပ်ကြောင်း အင်္ဂါနေ့မှာ ဝန်ခံပြောကြားလိုက်ပါတယ်။ 
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ပရီမီယာလိဂ် အဆင့် ၆ နေရာမှာရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ချေရှိတဲ့ အဆင့် ၅ နေရာနဲ့ ၅ မှတ် ကွာဟနေပါတယ်။
ယနေ့ည ကစားမယ့် ဆန်းဒါးလန်းနဲ့ပွဲ မတိုင်ခင် သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အန်းစလော့က "လီဗာပူးရဲ့ စံချိန်စံညွှန်းက ဘာလဲဆိုတာကို ကစားသမားတွေ သိကြပါတယ်။ အခုလောလောဆယ်မှာ ကျွန်တော်တို့ အဲဒီအတိုင်း ခြေစွမ်းမပြနိုင်လို့ သူတို့လည်း စိတ်ပျက်နေကြပါတယ်။ ပွဲတိုင်းမှာ ကျွန်တော်တို့ နိုင်တော့မလိုလို ခံစားရပေမဲ့ တကယ်တမ်းမှာတော့ ဖြစ်မလာခဲ့ပါဘူး။ ဒါဟာ တစ်ဖက်အသင်းက ပိုတော်နေလို့ ကိုယ်ကမယှဉ်နိုင်တာမျိုးထက်စာရင် ပိုပြီးတော့ ခံရခက်ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ အဲဒီလို (မယှဉ်နိုင်ဘူးလို့) မခံစားရပါဘူး။ ခြေစွမ်းပိုင်းအရ ကမ္ဘာပေါ်က ဘယ်လိဂ်၊ ဘယ်အသင်းနဲ့မဆို ယှဉ်နိုင်တယ်လို့ သူတို့ ယုံကြည်နေကြတုန်းပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်တော်တို့ဟာ လီဗာပူးရဲ့ စံချိန်စံညွှန်းတွေအတိုင်း ခြေစွမ်းမပြနိုင်သေးပါဘူး" လို့ ပြောခဲ့ပါတယ်။
ဇယားထိပ်က အာဆင်နယ်နဲ့ မန်စီးတီးတို့က ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်နေကြပြီး ကျန်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ၃ နေရာအတွက် ၄ သင်းလောက်က အပြိုင်ဖြစ်နေပါတယ်။ 
အဆင့် ၃ က အက်စတွန်ဗီလာဟာ လီဗာပူးထက် ၉ မှတ် သာနေပြီး၊ အဆင့် ၄ က ခြေစွမ်းပြနေတဲ့ ယူနိုက်တက်နဲ့ အဆင့် ၅ က ချဲလ်ဆီးတို့ကလည်း အမှတ်တွေ ပိုများနေကြပါတယ်။ 
ဆက်လက်ပြီး အန်းစလော့က"အဆင့် ၃၊ ၄၊ ၅ က အသင်းတွေနဲ့ အမှတ်ကွာဟချက် ကျဉ်းသွားဖို့ဆိုရင် ပွဲတွေအများကြီး နိုင်ဖို့လိုပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်သေးပါဘူး။ ဒါကြောင့်ပဲ ကျွန်တော်တို့ အခုထက် ပိုကောင်းလာဖို့ လိုသလို အမှားအယွင်းမရှိဖို့လည်း လိုအပ်တာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။