ဆုဖလားတွေထက် ဖျော်ဖြေမှုပေးနိုင်တဲ့ ဘောလုံးကစားဟန်ကို ပိုမိုလိုလားတယ်လို့ အန်းစလော့ ဖွင့်ဟ
လီဗာပူးနည်းပြအန်းစလော့က ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ထက် ကြည့်ရှုသူပရိသတ်တွေကို ပျော်ရွှင်မှုပေးနိုင်မယ့် ဆွဲဆောင်မှုရှိတဲ့ဘောလုံးကစားဟန်ကို ပိုမိုအလေးထားတန်ဖိုးထားတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အခုလို ပြောကြားချက်ကို 'The Reds Roundtable' အစီအစဉ်ရဲ့ အပိုင်းသစ်မှာ နယ်သာလန်လူမျိုးနည်းပြက ထည့်သွင်းပြောဆိုခဲ့တာပါ။
နည်းပြတစ်ဦးအဖြစ် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား ဒါမှမဟုတ် လိဂ်ဖလားတွေကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ပေမဲ့ အကြီးမားဆုံးသောအောင်မြင်မှုကတော့ ကြည့်ရှုသူတွေအတွက် အကောင်းဆုံးနဲ့ အလှပဆုံးဘောလုံးကစားဟန်ကို ပြသနိုင်မှုသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
လက်ရှိအချိန်မှာ ပရိသတ်အချို့က အောင်မြင်မှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမဲ့ သူကတော့ ဒါကိုပဲ အဓိကဦးတည် လုပ်ဆောင်နေပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အမြဲရယူထားပြီး ပြင်းထန်တဲ့ ကစားကွက်တွေနဲ့အတူ ပရိသတ်တွေကြည့်ရတာ သဘောကျမယ့် ပုံစံမျိုးကိုပဲ အမြဲဖန်တီးချင်နေတာပါ။
ရလဒ်တွေ ဒါမှမဟုတ် အမှတ်ပေးဇယား အခြေအနေတွေထက်စာရင် ပရိသတ်တွေက မိနစ်တိုင်းမှာ သူတို့အသင်းရဲ့ ကစားကွက်ကိုကြည့်ပြီး မပျော်ရွှင်နိုင်တာကို သူက ပိုပြီးတော့တောင် မနှစ်သက်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ဒီအချက်ကို ပရိသတ်တွေက လက်မခံနိုင်ရင်တောင် သူကိုယ်တိုင်ကလည်း ပရိသတ်တွေနဲ့ ထပ်တူခံစားရတာကြောင့် နားလည်ပေးနိုင်တယ်လို့ ဆိုပါတယ်။
"ဆုဖလားတွေက တစ်ပိုင်းပေါ့။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဘောလုံးကစားဟန်ကို ကိုယ်စားပြုတဲ့ အသင်းတစ်ခု ဒါမှမဟုတ် နည်းပြတစ်ဦးအဖြစ် ရပ်တည်နိုင်တာ ရေရှည်မှာ ပိုပြီးတန်ဖိုးရှိမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ အန်းစလော့က ပြောကြားခဲ့ပါတယ်။