The network connection is lost.

Banner Image

အပြောင်းအရွှေ့ဈေးကွက်မှာ ငွေမသုံးနိုင်လို့ စိတ်ပျက်မိကြောင်း ဂွါဒီယိုလာ နောက်ပြောင်ပြောဆို

မန်ချက်စတာစီးတီးအသင်း၏ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက အသင်းအနေဖြင့် အပြောင်းအရွှေ့ဈေးကွက်တွင် ငွေကြေးအမြောက်အမြား ထပ်မံအသုံးမပြုနိုင်သည့်အပေါ် ၎င်းအနေဖြင့် စိတ်ပျက်ပြီးအားမလိုအားမရ ဖြစ်မိကြောင်း နောက်ပြောင်ပြောကြားလာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့သည့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ခရစ္စတယ်ပဲလေ့စ်အသင်းမှ မာ့ခ်ဂူဟီနဲ့ ဘုန်းမောက်အသင်းမှ အန်တွမ်ဆီမီညိုတို့ကို ပေါင် ၈၅ သန်းဝန်းကျင်အထိ အသုံးပြုကာ ခေါ်ယူခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ်အများဆုံးအသင်း ဖြစ်ခဲ့ပါတယ်။

ယင်းမတိုင်မီ နွေရာသီအပြောင်းအရွှေ့တွင်လည်း ဒွန်နာရမ်မာ၊ ရိုင်ယန်အိတ်နူရီ၊ တီဂျာနီရိုင်ဒါစ်၊ ရာယန်ချာကီ၊ ဂျိမ်းစ်ထရပ်ဖို့ဒ်နှင့် လူငယ်ကစားသမား ဆဗယ်ရီနီပန်တို့ကို အသင်းသို့ ခေါ်ယူအားဖြည့်ထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကစားသမားသစ်များအတွက် ငွေကြေးအမြောက်အမြား အသုံးပြုထားသော်လည်း ဂွါဒီယိုလာကမူ ယင်းပမာဏမှာ လုံလောက်မှုမရှိသေးကြောင်းနှင့် အသင်းအနေဖြင့် ဘာကြောင့် ဒီထက်ပို၍ ငွေမသုံးသလဲဆိုတာကိုကို နားမလည်နိုင်အောင် ဖြစ်ရကြောင်း ဟာသနှောကာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် နည်းနည်းတော့ ဝမ်းနည်းမိသလို စိတ်လည်း ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အသားတင် အသုံးစရိတ်မှာ ကျွန်တော်တို့က ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၇ နေရာမှာပဲ ရှိနေလို့ပါ" ဟု ဂွါဒီယိုလာက ဆိုပါတယ်။

၎င်းက ဆက်လက်ပြီး "ကျွန်တော်က နံပါတ် ၁ ဖြစ်ချင်တာပါ။ အသင်းက ဘာလို့ ဒီထက်ပိုပြီး ငွေမသုံးတာလဲဆိုတာ နားမလည်နိုင်လို့ သူတို့ကို သိပ်မကျေနပ်ပါဘူး။ ဒါပေမဲ့ အရင်တုန်းက ကျွန်တော်တို့ ငွေတွေအများကြီး သုံးခဲ့ဖူးတဲ့ အခြေအနေမျိုးနဲ့ ပြန်ကြည့်မယ်ဆိုရင် အခု ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ကျွန်တော်တို့ထက် ငွေပိုသုံးထားတဲ့ အသင်း ၆ သင်း ရှိနေပါတယ်" ဟု ဖွင့်ဟခဲ့ပါတယ်။

ထို့အပြင် ပြီးခဲ့သည့် ၅ နှစ်အတွင်း ငွေပိုသုံးထားသည့် အသင်း ၆ သင်းအနေဖြင့် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေဖလားများကို ရယူနိုင်ရန် လိုအပ်လိမ့်မည်ဟုလည်း ဂွါဒီယိုလာက မှတ်ချက်ပြုခဲ့ပါတယ်။

"ဒါဟာ အငြင်းပွားစရာမရှိတဲ့ အချက်အလက်တွေပါ။ ကျွန်တော်တို့ထက် ငွေပိုသုံးထားတဲ့ အသင်း ၆ သင်းကို ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ကတော့ စောင့်ကြည့်နေမှာပါ" ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာ၏ ပြောကြားချက်များသည် နောက်ပြောင်သည့် သဘောမျိုးဖြစ်သော်လည်း လီဗာပူးနှင့် အာဆင်နယ်ကဲ့သို့ ပြိုင်ဘက်အသင်းများသည် မန်စီးတီးထက် အသုံးစရိတ် ပိုမိုများပြားနေပြီး ဆုဖလားအောင်မြင်မှုမှာတော့ လျော့နည်းနေတာကြောင့် စပိန်သားရဲ့ပြောကြားချက်က အမှန်တရားတစ်ခု ဖြစ်နေကြောင်း တွေ့မြင်ရပါတယ်။