မန်စီးတီးလူငယ်ကြယ်ပွင့် မူကာဆာ လက်စတာစီးတီးသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့
မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ဒီဗိုင်း မူကာဆာဟာ ဒီတစ်ပတ် ဆောင်းရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးအချိန်အတွင်းမှာ လက်စတာစီးတီးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မူကာဆာဟာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ မန်ချက်စတာစီးတီး အကယ်ဒမီတွေမှာ အဆင့်ဆင့်ဖြတ်သန်းခဲ့ရသူလည်းဖြစ်ပါတယ်။။ မန်စီးတီးအသင်းကတော့ ဒီလူငယ်ကစားသမားလေးဟာ ချန်ပီယံရှစ်ကလပ်မှာ ပထမအသင်း အတွေ့အကြုံတွေ ရယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေတာပါ။
မူကာဆာဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လက ပါလာမိုအသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ မန်စီးတီးစီနီယာအသင်းအတွက် ပထမဆုံး စတင်ကစားခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး အခုလို အငှားစေလွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်စတာဆီ ရောက်ရှိလာတဲ့အပေါ် မူကာဆာက "အခုလို အခွင့်အရေး ရရှိခဲ့တဲ့အတွက် တကယ့်ကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါဟာ ကျွန်တော့်အတွက် သင်ယူဖို့၊ အတွေ့အကြုံရှာဖို့နဲ့ ပိုမိုတိုးတက်လာဖို့ အကောင်းဆုံး ပတ်ဝန်းကျင်တစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူက "ကျွန်တော် နေ့တိုင်း ကြိုးကြိုးစားစား လေ့ကျင့်သွားမှာဖြစ်သလို အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေဆီကနေ အတတ်နိုင်ဆုံး သင်ယူသွားမှာပါ။ အသင်းကို ကူညီနိုင်တဲ့နေရာတိုင်းမှာ ပါဝင်ကူညီသွားချင်ပါတယ်" လို့လည်း ဆိုခဲ့ပါတယ်။ လက်ရှိမှာ လက်စတာစီးတီးအသင်းဟာ ဇယားအဆင့် ၁၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မူကာဆာဟာ ဒီရာသီ ယူ-၂၁ အဆင့်မှာ ၁၃ ပွဲကစားပြီး ၇ ဂိုး သွင်းယူထားနိုင်သူပါ။ ယူ-၁၈ ပရီးမီးယားလိဂ်၊ ယူအီးအက်ဖ်အေ ယူသ်လိဂ်နဲ့ အက်ဖ်အေ ယူသ်ဖလား ပြိုင်ပွဲတွေမှာလည်း စုစုပေါင်း ၃၄ ပွဲကစားထားပြီး ၁၇ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၂၄ ကြိမ်အထိ ပြုလုပ်ထားတဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။
နည်းပြ မာတီ စီဖွန်တက်စ်ရဲ့ လက်အောက်မှာ ကစားရမယ့် ဒီဗိုင်း မူကာဆာအတွက် ချန်ပီယံရှစ်ပြိုင်ပွဲဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာဖြစ်ပြီး သူရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။