The network connection is lost.

Banner Image

တော့တင်ဟမ်နဲ့သရေကျခဲ့တဲ့ မန်စီးတီးအတွက် ပက်ဂွါဒီယိုလာကာကွယ်ပြောဆို

တနင်္ဂနွေနေ့၊ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ ပွဲချိန်ဒုတိယပိုင်းမှာ ပြိုင်ဘက်တော့တင်ဟမ်ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။
ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက “တော့တင်ဟမ်က ဗွေဆော်ဦးချေပဂိုးရရှိပြီးနောက် ၁၅ မိနစ်၊ မိနစ် ၂၀ အထိ အရှိန်အဟုန်အပြည့် ကစားနိုင်ခဲ့ပါတယ်။ ဒါက သာမန်အခြေအနေဖြစ်ပါတယ်။ နှစ်ဂိုးပြတ်ရှုံးနိမ့်နေချိန် သူတို့မှာရှိထားတဲ့ ဒီပရိသတ်တွေရဲ့ခွန်အား၊ သူတို့မှာရှိနေတဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေနဲ့အတူ ဆုံးရှုံးစရာ ဘာမှမရှိတော့ပါဘူး။
ဒါပေမဲ့ ပွဲချိန်နှောင်းပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀ လောက်မှာတော့ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ပထမပိုင်းကစားပုံ အရမ်းကောင်းခဲ့ပါတယ်။
ပြိုင်ဘက်ကစားသမားတွေ ရှေ့ဆီရောက်ရှိနေချိန် ပြိုင်ဘက်ခံစစ်အစွန်ကစားသမားတွေနဲ့ တစ်ဦးချင်းရင်ဆိုင်ရတဲ့ အခိုက်အတန့်တွေကို ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ယေဘုယျအားဖြင့် အကောင်းဆုံးကစားနိုင်တဲ့ပွဲစဉ်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိအာဆင်နယ်နဲ့ ခြောက်မှတ်ကွာဟသွားပါတယ်။
ပက်ဂွါဒီယိုလာက “ ဒီနေ့ခေတ်ပရီးမီးယားလိဂ်မှာဖြစ်ပျက်နေတဲ့အရာတွေကို တခါတရံထိန်းချုပ်လို့ရပေမယ့် တခါတရံမှာတော့ အင်္ဂလန်မှာရှိနေတဲ့ပုံစံကြောင့် အခုလိုမျိုးရလဒ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။
ပွဲစဉ်တွေအကုန်လုံးကိုထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ တခါတရံ ဝ-၃ ဂိုး၊ ဝ-၄ ဂိုးလောက်ဖြစ်နေမယ်ဆိုရင် ပွဲစဉ်ကိုထိန်းချုပ်ဖို့ဆိုတာ ပိုလွယ်ကူပါတယ်။
ဒါပေမဲ့ ကစားသမားသစ်တွေ အများကြီးရောက်ရှိလာသလို အပြောင်းအလဲတွေလည်း ရှိပါတယ်။ လှုပ်ရှားကစားပုံတွေကို အနည်းငယ်ပိုကောင်းအောင် ကြိုးစားသွားရပါမယ်။ ဒါပေမဲ့ အခုပွဲစဉ်ကိုတော့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။
ခံစစ်တိုက်စစ်အကူးအပြောင်းတွေမှာ ကျွန်တော်တု့ိလိုချင်တဲ့ပုံစံအတိုင်း မဖြစ်လာသလို ပြိုင်ဘက်ရဲ့ဗွေဆော်ဦးချေပဂိုးအပြီး စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ရပ် ရှိလာခဲ့ပါတယ်။ အင်္ဂလန်မှာ အခုလိုမျိုးအခြေအနေကို ထိန်းချုပ်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်”လို့ ဆက်ပြောပါတယ်။