The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ မေဆင်မောင့်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြ မိုက်ကယ်ကာရစ်က တနင်္ဂနွေနေ့ညက ဖူလ်ဟမ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် မေဆင်မောင့်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။ 
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးတွေကို ကတ်စ်မဲရိုးနဲ့ မားသီးယက်စ်ကွန်ဟာတို့က သွင်းယူပေးခဲ့ပေမယ့် ၂ ဂိုးစလုံးပြန်လည်ချေပခံခဲ့ရတာကြောင့် သရေရလဒ်နဲ့အဆုံးသတ်ဖို့ နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ယူနိုက်တက်အတွက် အရေးပါတဲ့အဖိုးတန်အနိုင်ဂိုးကို အသင်းရဲ့လူစားဝင်ကစားသမား တိုက်စစ်ကြယ်ပွင့် ဘင်ဂျမင်ဆက်စ်ကိုက သွင်းယူပေးခဲ့လို့ အိမ်ကွင်းမှာ အနိုင်ရလဒ်နဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ 
မိုက်ကယ်ကာရစ်ရဲ့ဦးဆောင်မှုအောက်မှာ ယူနိုက်တက်ရဲ့ လူစားဝင်ကစားသမားတွေအတော်လေးအလုပ်ဖြစ်နေကြပြီး နောက်ဆုံး ၂ ပွဲစလုံးမှာ လူစားဝင်ကစားသမားတွေကပဲ အနိုင်ဂိုးတွေသွင်းယူပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါ အသင်းရဲ့ပွဲထွက်လူစာရင်းမှာသာမက အရန်လူစာရင်းမှာ‌တောင်မပါဝင်ခဲ့တဲ့ မေဆေင်မောင့်ရဲ့အခြေအနေကို ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပြီး ကာရစ်က ကစားသမားဟာ လေ့ကျင့်ရေးကွင်းမှာဒဏ်ရာရခဲ့‌ကြောင်းအသိပေးလာခဲ့ပါတယ်။
ကာရစ်က "သူ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမယ့် အရမ်းပြင်းထန်တဲ့အခြေအနေတော့မဟုတ်ပါဘူး။ သူ ကျွန်တော်တို့နဲ့အတူတူမရှိနိုင်လို့ စိတ်မကောင်းဖြစ်မိပေမယ့် မကြာခင်မှာပဲ သူပြန်ကစားနိုင်တော့မှာပါ" လို့အသိပေးပြောကြားခဲ့ပါတယ်။ 
ချဲလ်ဆီးမှ ထွက်ခွာပြီး ယူနိုက်တက်ရဲ့ဂန္ထဝင်ကျောနံပါတ် ၇ ကို ဆက်ခံထားတဲ့မေဆင်မောင့်ဟာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်ကတည်းက ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရပြီး ယခုရာသီမှသာ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်သားဟာ ယူနိုက်တက်နည်းပြဟောင်း ရူဘင်အာမိုရင်ရဲ့ဦးဆောင်မှုအောက်မှာ တိုးတက်မှုတွေရှိလာခဲ့ပြီး ယခုအခါ ကာရစ်လက်အောက်မှာဆက်ကစားဖို့ ပြင်ဆင်ခဲ့ပေမယ့် ဒဏ်ရာနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့ပွဲစဉ် ၅၀ လောက်အထိကို လွဲချော်ထားခဲ့တာလည်းဖြစ်ပါတယ်။ 
မေဆင်မောင့်အနေနဲ့ ဒီရာသီ လက်ကျန်ပွဲစဉ်တွေမှာ ဒဏ်ရာတွေနဲ့ ဆက်လက်ရုန်းကန်ရပြီး ခြေစွမ်းမပြသနိုင်ဘူးဆိုရင် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ကနေ ရောင်းထုတ်ခံရနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။