The network connection is lost.

Banner Image

လိဂ်ချန်ပီယံဆုမျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်ဖို့ မန်စီးတီးဆီ တိုက်တွန်းခဲ့တဲ့ ဆီမန်ညို

တော့တင်ဟမ်နဲ့ နှစ်ဂိုးစီသရေကျပြီးနောက် မန်စီးတီးတိုက်စစ်မှူးဆီမန်ညိုက လိဂ်ချန်ပီယံဆုအတွက် ကြိုးပမ်းနေမှုကို လက်မလျော့လိုက်ကြဖို့ အသင်းဖော်တွေနဲ့ ပရိသတ်တွေဆီ တောင်းဆိုခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးကွင်းကြီးမှာကစားခဲ့တဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး မန်စီးတီးက ချာကီ၊ ဆီမန်ညိုတို့ရဲ့ သွင်းဂိုးတွေနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဆိုလန်ကီရဲ့ဒုတိယပိုင်းပွဲချိန်သွင်းဂိုးတွေကြောင့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ပွဲစဉ်အပြီး ဆီမန်ညိုက “ ကျွန်တော်တို့မှာ ပွဲတွေ အများကြီးကျန်နေပါသေးတယ်။ ၁၄ ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ ကျွန်တော်တို့တွေ ခြောက်မှတ်ကွာဟနေပေမယ့် ဒါက အဆုံးသတ်တော့ မဟုတ်ပါဘူး။
ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ၁၄ ပွဲကစားဖို့ကျန်ရှိနေသေးလို့ အာဆင်နယ်ကိုယ်တိုင် ရှုံးပွဲတွေ ကြုံနိုင်သလို ကျွန်တော်တို့လည်း နိုင်ပွဲတွေ ရရှိနိုင်ပါတယ်။
အပြောင်းအလဲတွေ ရှိနေပြီး ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ အားလုံးစိတ်ပျက်နေကြတာကို မြင်တွေ့ရပြီး ကျွန်တော်တို့ထပ်ကြိုးစားကြဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂါနာတိုက်စစ်မှူးက “ ပထမပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ အလားတူအခြေအနေမျိုး ထပ်မံဖန်တီးသွားဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းပွဲချိန်တွေမှာ ထင်သလိုမဖြစ်လာဘဲ တော့တင်ဟမ်ရဲ့လွှမ်းမိုးမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ဘာကြောင့်လဲဆိုတာ ကျွန်တော်လည်း မပြောပြနိုင်ပါဘူး။ တော့တင်ဟမ်က အရှိန်အဟုန်ကောင်းကောင်နဲ့ စတင်လာပြီး အခွင့်အရေးတွေ ဖန်တီးခဲ့ပါတယ်။
ဒီလိုကစားနိုင်ဖို့လည်း ပရိသတ်တွေရဲ့အကူအညီ ရရှိခဲ့ပါတယ်။ ပရိသတ်တွေက တော့တင်ဟမ်ကို အားဖြည့်ပေးပြီး အမှန်တကယ်အကူအညီဖြစ်စေခဲ့ပါတယ်”လို့ ဆိုပါတယ်။