တော့တင်ဟမ်တောင်ပံကစားသမား ဆိုလိုမွန်ကို အပြီးသတ်ခေါ်ယူဖို့ ဖီအိုရင်တီးနား ဆုံးဖြတ်
ဖီအိုရင်တီးနားဟာ တောင်ပံကစားသမား မေနာ ဆိုလိုမွန်ရဲ့ အစောပိုင်းခြေစွမ်းပြသနိုင်မှုတွေအပေါ် အတော်လေး သဘောကျနေကြပြီး အပြီးသတ်ဝယ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
အစ္စရေးတောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ တော့တင်ဟမ်အသင်းကနေ အပြီးသတ်ဝယ်ယူခွင့် အချက်အလက်နဲ့အတူ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဆိုလိုမွန်ဟာ ဖီအိုရင်တီးနားအတွက် ရှစ်ပွဲအထိ ကစားပေးထားပြီးဖြစ်ကာ အသင်းတာဝန်ရှိသူတွေကလည်း သူ့ရဲ့စွမ်းဆောင်ရည်ကို အကဲခတ်ဖို့အတွက် ဒါဟာ လုံလောက်ပြီလို့ ယူဆနေကြပါတယ်။
အကယ်၍ ဖီအိုရင်တီးနားအသင်းသာ စီးရီးအေမှာ တန်းမဆင်းရဘဲ ဆက်ရှိနေမယ်ဆိုရင် အဆိုပါတိုက်စစ်ကစားသမားကို အပြီးသတ်ဝယ်ယူသွားဖို့ ရည်ရွယ်ထားတယ်လို့ TMW သတင်းဌာနက ဖော်ပြပါတယ်။
ဆိုလိုမွန်ကို အပြီးသတ်ခေါ်ယူဖို့အတွက် လိုအပ်တဲ့ ယူရို ၁၀ သန်းကိုလည်း အသင်းက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖီအိုရင်တီးနားဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အောက်ခြေကနေ ရေတွက်ရင် တတိယမြောက်နေရာမှာ ရောက်ရှိနေပြီး တန်းမဆင်းရမယ့်ဇုန်က အသင်းနဲ့ ၃ မှတ်အကွာမှာ ရှိနေတာဖြစ်ပါတယ်။