The network connection is lost.

Banner Image

ယူနိုက်တက်နှင့် အာဆင်နယ်သို့ ပြောင်းရွေ့မယ် ပေါင် သန်း ၅၀ တန် ကစားသမားအား သတိပေးလိုက်တဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ပရီးမီးယားလိဂ်ကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။ တယ်ဟာ တော့တင်ဟမ်နှင့် ပေါင် သန်း ၅၀ ဖြင့် သဘောတူညီမှုရရှိပြီးနောက် ပြောင်းရွှေ့ရန် အဆင်သင့်ဖြစ်နေသော်လည်း အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ မြောက်လန်ဒန်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ယူနိုက်တက်နှင့် အာဆင်နယ်တို့အတွက် တံခါးဖွင့်ပေးလိုက်သလို ဖြစ်ပါတယ်။ ကလပ်နှစ်ခုစလုံးဟာ အပြောင်းအရွှေ့ပိတ်မည့် တနင်္လာနေ့ညအထိ အသင်းကို အားဖြည့်ရန် စိတ်အားထက်သန်နေကြပါတယ်။ တယ်ဟာ ဘိုင်ယန်နည်းပြ ကွန်ပနီရဲ့ လက်အောက်တွင် ကစားခွင့်နည်းပါးမှုကြောင့် ပရီးမီးယားလိဂ်ကလပ်တစ်ခုခုသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေတာပါ။

၂၀၂၂ ခုနှစ် နွေရာသီတွင် ဘိုင်ယန်သို့ ပေါင် ၂၀ သန်းဖြင့်ရောက်လာတဲ့ ပြင်သစ် ယူ ၂၁ ကစားသမားဟာ ဘွန်ဒက်စ်လီဂါရှိ ပထမ ၂ နှစ်အတွင်း အသင်းကြီးအတွက် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း တယ်ဟာ ယခုရာသီတွင် လိဂ်ပွဲ ၈ ပွဲသာ ကစားခွင့်ရခဲ့ပြီး အခြားကလပ်တစ်ခုတွင် အဓိကကစားသမားအဖြစ် ပါဝင်လိုနေပါတယ်။

တယ်ဟာ ကစားခွင့်နည်းပါးနေသော်လည်း ကိန်းကတော့ သူရဲ့အသင်းဖော်ဟာ အလားအလာများစွာရှိပြီး လာမည့်နှစ်များအတွင်း ပိုမိုတိုးတက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။အနာဂတ်နှင့်ပတ်သက်ပြီး တယ်ဟာ ဘိုင်ယန်မှ ထွက်ခွာပါက ကစားခွင့် ပိုမိုရရှိရန် အရေးကြီးကြောင်း ကိန်းက ပြောကြားခဲ့ပါတယ်။ "တယ်က လူငယ်ကစားသမားတစ်ယောက်အနေနဲ့ အရမ်းကောင်းပါတယ် " လို့ အင်္ဂလန်အသင်းခေါင်းဆောင်က စနေနေ့ ဘိုင်ယန်မြူးနစ်ရဲ့ နိုင်ပွဲပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

"ကျွန်တော်က သူနဲ့ ၁၈ လကြာ တွဲဖက်ကစားခဲ့တာပါ။ သူ့မှာ အလားအလာတွေ အများကြီးရှိပါတယ်။ လေ့ကျင့်မှုတွေကို ကြိုးစားပြီး ကြိုက်နှစ်သက်သူလည်းဖြစ်ပါတယ်။ သူ ထပ်မံတိုးတက်နိုင်ပါသေးတယ် ဒါ့အပြင် သူ့မှာ ဒါကို လုပ်နိုင်ဖို့ စိတ်ဓာတ်လည်းရှိပါတယ်" "သူ့ရဲ့ နောက်တစ်ဆင့်က ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးက ကစားခွင့်ရဖို့ပါ။ ကျွန်တော့်အကြံပေးချင်တာက သူ ဘယ်ကိုပဲသွားသွား ကစားခွင့်နဲ့ အတွေ့အကြုံတွေရဖို့ သေချာအောင်လုပ်သင့်ပါတယ်" လို့ ကိန်းက ပြောပါတယ်။

ကိန်းဟာ ဘိုင်ယန်မြူးနစ်အား ဇယားထိပ်သို့ ဦးတည်စေရန် ကီရယ်နှင့်ပွဲရဲ့ နောက်ဆုံးအချိန်တွင် သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ တယ်ကတော့ ကလပ်မှ ထွက်ခွာမည့်သတင်းများကြောင့် ပွဲစဉ်တွင် ပါဝင်ခွင့် မရခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ အီဘယ်က ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် တယ်က ကလပ်မှ ထွက်ခွာလိုကြောင်း တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

"တယ်က ဒီဇင်ဘာလတုန်းက ကလပ်မှာ ဆက်နေပြီး သူ့ကိုယ်သူ အတည်ပြုချင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အခု သူ တစ်ခုခုလုပ်ဖို့ စိတ်ကူးရှိတယ်လို့ ပြောလာပါတယ်" "အခုဆိုရင် ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာကို စဉ်းစားရပါမယ်။ သူ့အတွက် ကစားခွင့်က ကျေနပ်စရာမကောင်းပါဘူး ဒါက နားလည်နိုင်တဲ့အရာပါ" "ဇန်နဝါရီလကုန်ရောက်နေပါပြီ။ အခုဆို ပါဝင်သူတိုင်းအတွက် ပိုခက်ခဲနေပါပြီ။ ကျွန်တော်တို့ ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာ ကြည့်ရပါမယ် တယ် အတွက်ရော၊ ဘိုင်ယန်မြူးနစ်အတွက်ရောပေါ့" လို့ အီဘယ်က ပြောကြားခဲ့ပါတယ်။

တယ်ဟာ ယူနိုက်တက်ရဲ့ ယခုရာသီတွင် သွင်းဂိုးရရှိရန် ရုန်းကန်နေရတဲ့ အခြေအနေကို ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အမ်မိုရင်ဟာ ရက်ရှ်ဖို့ဒ်အား ဗီလာသို့ အငှားချရန် သဘောတူညီမှုရရှိပြီးနောက် ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် အာတီတာကလည်း အပြောင်းအရွှေ့ပိတ်သွားချိန်မတိုင်မီ သူရဲ့တိုက်စစ်အင်အားကို အားဖြည့်ရန် အလွန်စိတ်အားထက်သန်နေပါတယ်။ အာဆင်နယ်ဟာ ဗီလာ နှင့် အင်္ဂလန်လက်ရွေးစင် ဝက်ကင်းစ်အား ခေါ်ယူရန် သတင်းထူးခဲ့သော်လည်း ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်မှ ငြင်းပယ်ခဲ့ပါတယ်။