The network connection is lost.

Banner Image

အာဆင်နယ်က ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ပြောကြားလိုက်တဲ့ အာတီတာ

မီကယ်အာတီတာက အာဆင်နယ်အသင်းဟာ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ မနားတမ်းကြိုးစားနေတယ်လို့ ပြောလိုက်ပါတယ်။ အာတီတာက အသင်းဟာ လတ်တလောရရှိထားတဲ့ အောင်ပွဲတွေနဲ့ လိဂ်ဇယားထိပ်ပိုင်းမှာ အသာစီးရထားတဲ့ အခြေအနေတွေကြောင့် အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆုဖလားတွေကို အရယူဖို့ အားတက်နေပြီလို့ ကြေညာလိုက်တာပါ။ 

ဒီဂန်းနားတွေဟာ ချဲလ်ဆီးအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ယူပြီး ကာရာဘောင်ဖလားဗိုလ်လုပွဲကို တက်လှမ်းနိုင်ဖို့ နီးစပ်နေသလို အက်ဖ်အေဖလားမှာလည်း ပို့စ်မောက်ကို ၄-၁ ဂိုးနဲ့ အပြတ်အသတ်အနိုင်ရထားပါတယ်၊  ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ၆ မှတ်အသာနဲ့ ဦးဆောင်နေပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာလည်း ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားတာပါ။ 

အာတီတာက"ကျွန်တော်တို့ အရှိန်အဟုန်ကောင်းကောင်းတစ်ခုကို တည်ဆောက်နေပါတယ်။ ပြီးတော့ ဒီယုံကြည်မှုဆိုတာက ဒီရာသီမှာ ကျွန်တော်တို့ပြသထားတဲ့ ကစားပုံနဲ့ ခြေစွမ်းတည်ငြိမ်မှုတွေကနေ ရလာတာပါ၊ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တဲ့အရာတွေက ကျွန်တော်တို့မှာ အရည်အချင်းရှိတယ်ဆိုတာကို ပိုပြီးယုံကြည်သွားစေဖို့ အထောက်အကူဖြစ်စေမှာပါ" လို့ ပြောခဲ့ပါတယ်။ 

ဒီရာသီ ပွဲပေါင်း ၃၂ ပွဲမှာ ၂ ပွဲပဲ ရှုံးနိမ့်ထားတဲ့ အာတီတာရဲ့အသင်းဟာ ရေရှည်ပြိုင်ပွဲတွေအတွက် လိုအပ်တဲ့ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်ရှိမှုကို ပြသနေတာဖြစ်ပါတယ်။  ဆက်လက်ပြီး အာတီတာက"ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပွဲတိုင်းမှာ ဒါကို သက်သေပြနေရဦးမှာပါ၊ ကျွန်တော်တို့ ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆက်လက်ရှင်သန်နေနိုင်သေးတာကို တကယ်ပဲ ဝမ်းသာမိပါတယ်" လို့ သတိပေးစကား ပြောကြားခဲ့ပါသေးတယ်။