The network connection is lost.

Banner Image

ဖလာမင်ဂိုအသင်းက နည်းပြ ဖိလစ်ပီလူးဝစ်ကို ရာထူးကနေ ရုတ်တရက်ထုတ်ပယ်လိုက်တဲ့ ဆုံးဖြတ်ချက်မှာ ချဲလ်ဆီးအသင်းပိုင်ရှင် BlueCo အုပ်စုရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေ

နည်းပြ ဖိလစ်ပီလူးဝစ်ဟာ ချဲလ်ဆီးအသင်းပိုင်ရှင် BlueCo အုပ်စုနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ လုပ်ခဲ့တာကို ဖလာမင်ဂိုအသင်းက သိရှိသွားပြီးနောက်မှာ သူ့ကို အခုလို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

အသက် ၄၀ အရွယ် လူးဝစ်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ဖလာမင်ဂိုအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးကတည်းက အသင်းနဲ့အတူ အဓိကဆုဖလား ၅ လုံးအထိ ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် တကယ့်ကို အောင်မြင်တဲ့နည်းပြတစ်ဦးလို့ ဆိုရမှာပါ။

အဲဒီလို အောင်မြင်မှုတွေ ရှိနေပေမဲ့လည်း အက်သလက်တီကိုနဲ့ ချဲလ်ဆီးနောက်ခံလူဟောင်းဖြစ်သူ လူးဝစ်ဟာ BlueCo နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့တာကို ဘရာဇီးလ်ထိပ်သီးကလပ်က သိသွားပြီးနောက်မှာတော့ သူ့ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

UOL ရဲ့ ဖော်ပြချက်အရ အန်ဇိုမာရက်စကာ ချဲလ်ဆီးကနေ ထွက်ခွာသွားပြီးနောက်မှာ BlueCo က လူးဝစ်ကို ချဉ်းကပ်ခဲ့တာဖြစ်ပြီး လူးဝစ်ကိုယ်တိုင်ကလည်း ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူဖို့ စိတ်အားထက်သန်နေခဲ့တာပါ။

ဒါပေမဲ့ တကယ်တမ်းမှာ သူကိုင်တွယ်ရမယ့်အသင်းက ချဲလ်ဆီးမဟုတ်ဘဲ BlueCo ရဲ့ ညီအစ်မကလပ်ဖြစ်တဲ့ စထရာဘော့ အသင်း ဖြစ်နေတာကို သိလိုက်ရချိန်မှာတော့ လူးဝစ်က ဆွေးနွေးမှုတွေကို ချက်ချင်း ရပ်တန့်ပစ်ခဲ့ပါတယ်။

ဖလာမင်ဂိုအသင်းဟာ ဒီဆွေးနွေးမှုတွေအကြောင်းကို မကြာသေးခင်ကမှ သိခဲ့ရတာဖြစ်ပြီး အသင်းဘက်က တော်တော်လေး စိတ်ပျက်သွားခဲ့တာကြောင့် ခေတ်သစ် ဖလာမင်ဂိုရဲ့ အကောင်းဆုံးနည်းပြတစ်ဦးကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။