The network connection is lost.

Banner Image

မန်စီးတီးကို ဝင်ဘလေဆီ ထပ်မံပို့ဆောင်နိုင်ခဲ့လို့ အလွန်အမင်းကျေနပ်မိကြောင်း ပြောကြားလာတဲ့ ဂွါဒီယီုလာ

မန်ချက်စတာစီးတီးအသင်းကို ကာရာဘောင်ဖလား ဗိုလ်လုပွဲကစားရမယ့် ဝင်ဘလေကွင်းဆီ နောက်တစ်ကြိမ် ထပ်မံပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် နည်းပြ ပက်ဂွါဒီယိုလာက အလွန်အမင်း ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မန်စီးတီးဟာ နယူးကာဆယ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးနဲ့အတူ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပျော်ရွှင်နေတဲ့ ဂွါဒီယိုလာက "လာမယ့် မတ်လမှာကျင်းပမယ့် ဗိုလ်လုပွဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ အသင်းကောင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော်တို့အသင်းသားအားလုံး ကျန်းကျန်းမာမာနဲ့ ကြံ့ခိုင်မှုအပြည့်ရှိနေဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ပွဲစဥ်နှစ်ခုစလုံးမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပွဲစကတည်းက ကျွန်တော်တို့ဟာ ၂ ဂိုးအသာနဲ့ စတင်ခဲ့ရတာဖြစ်ပေမဲ့ ဘာမဆိုဖြစ်သွားနိုင်တဲ့အတွက် မှန်ကန်တဲ့ အရှိန်အဟုန်နဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အရာအားလုံးဟာ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်" လို့လည်း သူက ဆိုပါတယ်။

ဒုတိယပိုင်း ပွဲကစားပုံနဲ့ ပတ်သက်ပြီးတော့လည်း "ဒုတိယပိုင်းမှာတော့ ကစားကွက်အရှိန်ကို ကြာရှည်ထိန်းထားဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် ရော့ဒရီ၊ ရိုင်ယန်အိတ်နူရီ နဲ့ အာလင်းဟာလန်း တို့ကို လူစားလဲဝင်စေပြီး စွမ်းဆောင်ရည်မြှင့်တင်ခဲ့ရပေမဲ့ ကစားသမားတွေရဲ့ စွမ်းအင်ကတော့ အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။

နယူးကာဆယ်အသင်းရဲ့ ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့ "နယူးကာဆယ်ကတော့ အရှိန်မပျက် ဖိအားပေးကစားခဲ့ပါတယ်။ သူတို့ဟာ ဂျေကော့မာဖီ၊ အန်သိုနီအီလန်ဂါ နဲ့ ယိုအန်းဝစ်ဆာ တို့လို ကစားသမားတွေကို ထည့်သွင်းပြီး ကျွန်တော်တို့ မလိုလားတဲ့ ပုံစံမျိုးဖြစ်အောင် အနောက်ကနေ အဆက်မပြတ် လိုက်လံပိတ်ဆို့ခဲ့လို့ ကျွန်တော်တို့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်" လို့ ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုနဲ့ပတ်သက်ပြီးတော့လည်း "ပရိသတ်တွေရဲ့ အားပေးမှုကို ကျွန်တော်တို့ အကောင်းဆုံး အသုံးချနိုင်ခဲ့ရပါမယ်။ ဒါကိုလည်း ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့သလို ပထမပိုင်းမှာ တကယ်ကို ကောင်းမွန်တဲ့ ကစားကွက်တစ်ခုကို ပုံဖော်နိုင်ခဲ့ပါတယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်အခြေအနေအပေါ် ဂွါဒီယိုလာက "အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အားလုံး ကျန်းကျန်းမာမာနဲ့ အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်သလို ဒီပွဲကိုလည်း တကယ် စောင့်မျှော်နေပါတယ်။ ဒါပါပဲ" လို့ နိဂုံးချုပ် ပြောကြားသွားခဲ့ပါတယ်။