The network connection is lost.

Banner Image

အင်တာမီလန်ကို အရေးနိမ့်ခဲ့ပေမဲ့ မန်စီးတီးအတွက် အသင့်တော်ဆုံးသူအဖြစ် မာရက်စ်ကာကို ရည်ညွှန်းလိုက်တဲ့ ဂျီဗာဒီအော

ပက်ဂွါဒီယိုလာရဲ့နေရာမှာ အစားဝင်လာတဲ့ အန်ဇိုမာရက်စကာကို မန်စီးတီးအသင်းအတွက် အသင့်တော်ဆုံးသူ ဖြစ်လိမ့်မယ်လို့ ဂျီဗာဒီအောက ထောက်ခံပြောကြားလိုက်ပါတယ်။

စနေနေ့၊ ဟောင်ကောင်မှာ ကစားခဲ့တဲ့ အင်တာမီလန်နဲ့ရာသီကြိုခြေစမ်းပွဲမှာ မာရက်စ်ကာက မန်စီးတီးကို ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီပွဲစဉ်မှာ မန်စီးတီးတို့ ခြေစွမ်းမပြသနိုင်ဘဲ ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အီတာလျံလူမျိုးနည်းပြက အီတီဟတ်ကွင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ဆုဖလားမျိုးစုံ ရယူပေးခဲ့တဲ့ ပက်ဂွါဒီယိုလာရဲ့နေရာကို အစားထိုးဝင်ရောက်လာသူ ဖြစ်ပြီး အခုလိုကြီးမားလှတဲ့အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မာရက်စ်ကာအပေါ် ပရိသတ်တွေ အများကြီး မျှော်လင့်ထားကြပါတယ်။

ပွဲစဉ်အပြီးမှာတော့ ဂျီဗာဒီအောက နည်းပြသစ်ဆီ အားပေးစကားပြောကြားခဲ့ပါတယ်။

ဂျီဗာဒီအောက "အသင်းရဲ့အဆင့်အတန်း အရမ်းမြင့်မားသလို မာရက်စ်ကာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတာလည်း ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိပါတယ်။ သူ့မှာ အရည်အချင်းရှိသလို စိတ်ကူးသစ်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်း ဘယ်လိုကစားဟန်၊ ဘယ်လိုနည်းဗျူဟာတွေနဲ့ ရှေ့ဆက်သွားမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့" လို့ ဆိုပါတယ်။

"အန်ဇိုမာရက်စ်ကာကို အသင့်တော်ဆုံးလူလို့ ကျွန်တော် ထင်ပေမဲ့ အချိန်တော့ ယူရပါလိမ့်မယ်။ ဒါက အသစ်အဆန်းကြီးဖြစ်သလို နည်းပြပြောင်းလဲတယ်ဆိုတာလည်း မလွယ်ကူတဲ့အလုပ်ဖြစ်လို့ ကျွန်တော်တို့ အချိန်ယူသွားရပါမယ်။ ကျွန်တော်တို့ရဲ့အလုပ်ကတော့ သူ့ကို တတ်နိုင်သမျှ ကူညီပေးဖို့နဲ့ သူ့ရဲ့ညွှန်ကြားချက်တွေကို နားထောင်ပြီး အမြန်ဆုံး အသားကျအောင် ကြိုးစားသွားဖို့ပါပဲ" လို့လည်း ဂျီဗာဒီအောက ဆက်ပြောပါတယ်။

ဒါ့အပြင် "ကျွန်တော် သူနဲ့ တွေ့ခဲ့ပြီးပါပြီ။ ကျွန်တော့်ရဲ့ဒဏ်ရာအခြေအနေ၊ ပြီးတော့ အရင်က ပက်ဂွါဒီယိုလာနဲ့အတူ ကျွန်တော်တို့ ဘယ်လိုကစားခဲ့လဲဆိုတာတွေကို နည်းနည်းပါးပါး ဆွေးနွေးဖြစ်ခဲ့ပါတယ်" လို့လည်း ဖွင့်ဟခဲ့ပါတယ်။

လာမယ့်ရာသီ၊ ဥရောပထိပ်သီးအဆင့်မှာ မန်စီးတီးအသင်း ဆက်ရှိနေမလားဆိုတာ မသိနိုင်သေးပေမဲ့ နောက် ၃ ရက်အတွင်း ကစားမယ့် K League All Stars အသင်းနဲ့ပွဲစဉ်မှာတော့ ပရိသတ်တွေကိုယ်တိုင် အသင်းရဲ့အခြေအနေကို ထပ်ပြီး ရှုစားသွားရပါလိမ့်မယ်။