တော့တင်ဟမ်နဲ့ပွဲဦးထွက်မှာ အထူးခြေစွမ်းပြခဲ့တဲ့ ဆာဗင်ဟိုကို ဒီဇာဘီချီးကျူး
တော့တင်ဟမ်အသင်းက ချာလ်တန်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်အတွင်း ခြေစွမ်းပြခဲ့တဲ့ ဆာဗင်ဟိုကို နည်းပြ ဒီဇာဘီက ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။
မန်စီးတီးကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆာဗင်ဟိုက တော့တင်ဟမ်အသင်း ၃ ဂိုးပြတ် ဦးဆောင်နေချိန် အရန်ခုံကနေ လူစားဝင် ကစားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးသားက လူးစားဝင်လာပြီး ၁၅မိနစ်အတွင်းမှာတင် တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
ဒီဇာဘီက “ဟုတ်ပါတယ်။ ဒီနေ့က သူ့အတွက် ပြီးပြည့်စုံတဲ့ နေ့တစ်နေ့ပါပဲ။ သူကအရည်အသွေးတွေအရ အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦး ဖြစ်လို့ သွင်းဂိုးအရေအတွက်ကို တိုးတက်အောင်လုပ်ဖို့ပဲလိုပါတော့တယ်။
အကောင်းဆုံး တောင်ပံကစားသမားတွေက ဂိုးတွေ အများကြီး သွင်းကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကရယ် မနေ့ကရယ် ကျွန်တော် သူနဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော်တို့ တောင်ပံကစားသမားတွေဆီက ၁၀ ဂိုး ကနေ ၁၂ ဂိုးလောက်အထိ လိုအပ်တာကြောင့် ပစ်မှတ်ကို ၁၀ ဂိုး ကနေ ၁၂ ဂိုး သတ်မှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အများကြီး ရုန်းကန်ခဲ့ရတယ်လို့ ထင်ပါတယ်။ ပွဲတွေမှာ သွင်းဂိုး အရေအတွက် မလုံလောက်ခဲ့တာကလည်း တောင်ပံကနေ လိုအပ်တဲ့ဂိုးအရေအတွက်မရခဲ့လို့ပါပဲ။”လို့ ပြောခဲ့ပါတယ်။