The network connection is lost.

Banner Image

နယူးကာဆယ်ကို အနိုင်ယူပြီး ကာရာဘောင် ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ရိန်ဒါစ်ဖွင့်ဟ

မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ တီဂျာနီ ရိန်ဒါစ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် အောင်ပွဲဖော်ဆောင်ပေးနိုင်ခဲ့တဲ့အပေါ် အထူးဝမ်းမြောက်နေပါတယ်။

အဆိုပါပွဲစဉ်မှာ ရိန်ဒါစ်က ဂိုးသွင်းယူပေးခဲ့ပြီး မန်စီးတီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးနဲ့ မန်စီးတီးတို့ ဗိုလ်လုပွဲဆီ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ရိန်ဒါစ်က "ကျွန်တော်တို့ ဗိုလ်လုပွဲကို တက်ချင်တဲ့စိတ်က အရမ်းပြင်းပြနေပြီး ဒါကို ပွဲစကတည်းက ကွင်းထဲမှာ ပြသနိုင်ခဲ့ပါတယ်။ အသင်းသားတွေအားလုံးရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

"ဂိုးတစ်ဂိုး ပြန်ပေးခဲ့ရပေမဲ့ ကျွန်တော်တို့ ပွဲကို ပိုပြီးတော့ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဆက်ပြီး တည်ဆောက်သွားရမယ့် အချက်တစ်ခုပါ။ ဒီနေ့မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် ဒါကို အခြေခံပြီး ရှေ့ဆက်သွားနိုင်မှာပါ" လို့ သူက ဆက်ပြောပါတယ်။

သူ့ရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီးတော့လည်း ရိန်ဒါစ်က "ကွင်းလယ်နဲ့ တိုက်စစ်ကြားမှာ နေရာလွတ်တွေ ဒီလောက်အများကြီး ရှိနေတာကို တွေ့လိုက်ရလို့ ကျွန်တော်တောင် အံ့သြသွားပါတယ်။ ဖီးလ် ဖိုဒန် နဲ့ ကျွန်တော်တို့လို ကစားသမားတွေအတွက် အဲဒီလို နေရာလွတ်မျိုး ရပြီဆိုရင် တိုက်စစ်ကို မြန်မြန်ဆန်ဆန် ဆင်နွှဲနိုင်တာကြောင့် ဒီနေ့ပွဲက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်" လို့ ဆိုထားပါတယ်။

သူဟာ ဆုဖလားတွေ ဆွတ်ခူးချင်တာကြောင့် ဘောလုံးကစားတာဖြစ်ကြောင်းနဲ့ အခုဆိုရင် ဝင်ဘလေကွင်းဆီ ပထမဆုံးအကြိမ် သွားရောက်ကစားရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေကြောင်းလည်း ရိန်းဒါးစ်က ဖွင့်ဟခဲ့ပါတယ်။ ကာရာဘောင်ဖလားကို ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းနဲ့ ပတ်သက်ပြီးတော့လည်း "ဒါဟာ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ သေချာပေမဲ့ ကျွန်တော်တို့ကတော့ ဒီဖလားကို ရယူဖို့ အရမ်းဆာလောင်နေပါတယ်။ အာဆင်နယ်က တကယ်ကို ဟန်ချက်ညီပြီး ကောင်းမွန်တဲ့ အသင်းပါ။ သူတို့ရဲ့ ကစားဟန်ကို သေချာလေ့လာပြီး ကျွန်တော်တို့ဘက်က ဘယ်လို အားသာချက်တွေ ယူနိုင်မလဲဆိုတာ ပြင်ဆင်သွားရမှာပါ" လို့ ရိန်ဒါစ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။