ဘရိုက်တန်နဲ့ ပွဲမှာ ဘာတွေ မှားယွင်းသွားခဲ့သလဲဆိုတဲ့အပေါ် ရှင်းပြလာတဲ့ တိုင်လီမန်းစ်
ယူနိုက်တက်က ကာရာဘောင်းဖလား တတိယအဆင့်မှာ ဘရိုက်တန်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ စောစောစီးစီး ထပ်မံထွက်ခွာခဲ့ရပါတယ်။
အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ယူရီတိုင်လီမန်းစ်က ပွဲအစောပိုင်းမှာ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးနောက် အသင်းရဲ့အရှိန် ကျဆင်းသွားခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
တိုင်လီမန်းစ်က "ကျွန်တော်တို့ ပွဲအစမှာ အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ အရမ်းကို အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ စတင်နိုင်ခဲ့ပေမဲ့ ပထမပိုင်း မပြီးခင် ချေပဂိုးတစ်ဂိုး ပေးလိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ ကစားကွက်အရှိန် အနည်းငယ်ပျက်သွားခဲ့ပြီး ခံစစ်ဘက်ကို အရမ်းရောက်သွားခဲ့ပါတယ်။
အဲဒီနောက် ဒုတိယပိုင်းမှာ နှစ်ဂိုး ထပ်ပေးလိုက်ရပြီး ရထားတဲ့ ဦးဆောင်ဂိုးတွေကို လက်လွှတ်လိုက်ရတယ်၊ ဒါက လုံးဝ မဖြစ်သင့်တဲ့ အရာပါ။ ဒါကြောင့် တကယ်ပဲ စိတ်ပျက်စရာကောင်းပြီး စိတ်တိုစရာ ကောင်းလှပါတယ်" လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး တိုင်လီမန်းစ်က"ကျွန်တော်တို့ တိုက်စစ်ကနေ ဖိအားပေးခဲ့တယ်၊ အပြိုင်အဆိုင်တွေမှာ အနိုင်ရခဲ့တယ်၊ ဘောလုံးကို သူတို့ဘက်ခြမ်းမှာပဲ ထားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။
သူတို့ နောက်တန်းမှာ ဘောလုံးနှစ်ကြိမ်လောက် ဆုံးရှုံးခဲ့ချိန် ကျွန်တော်တို့ အကောင်းဆုံး အခွင့်အရေး ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ သူတို့ကို ကျွန်တော်တို့ ဒဏ်ခတ်နိုင်ခဲ့ပါတယ်"
ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ အရှိန်ကို ဆက်မထိန်းနိုင်ခဲ့ဘဲ ပွဲကို အရှုံးပေးလိုက်ရတာပါပဲ" လို့ ပြောပြခဲ့ပါတယ်။