မန်ချက်စတာဒါဘီရှုံးပွဲအပြီး အကောင်းဆုံးတုံ့ပြန်သွားကြဖို့ ယူနိုက်တက်ဆီ တောင်းဆိုလိုက်တဲ့ တိုင်လီမန်းစ်
ယူရီတိုင်လီမန်းစ်က အိုးထရက်ဖို့ဒ်ကွင်းမှာ မန်စီးတီးကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားတွေ စိတ်ပျက်နေခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အခုပွဲစဉ်မှာ ဧည့်သည်မန်စီးတီးက ဟာလန်းရဲ့ပွဲချိန်တစ်နာရီသွင်းဂိုးနဲ့အတူ အနိုင်သုံးမှတ်အပြည့် ရရှိခဲ့ပါတယ်။
အခုရလဒ်ပို်ငးအပေါ် နည်းပြမိုက်ကယ်ကာရစ်ရဲ့အသင်း အလျှင်အမြန်တုံ့ပြန်ပြဖို့ လိုအပ်နေပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာပဲ ယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ဧည့်ခံကစားသွားရဖို့ ရှိနေပါတယ်။
တိုင်လီမန်းစ်ကလည်း ရလဒ်နဲ့ပတ်သက်လို့ စိတ်ပျက်မိပြီး အသင်းဖော်တွေကိုယ်တိုင်လည်း အခုရှုံးနိမ့်မှုကို မေ့ဖျောက်ကာ နောက်ထပ်ရောက်ရှိလာတော့မယ့် စိန်ခေါ်မှုတွေကို အာရုံစိုက်သွားရမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
MUTV နဲ့တွေ့ဆုံချိန် ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားက "ဒါ တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းကောင်းကစားနိုင်မှန်း သိထားလို့ လူတိုင်း စိတ်ပျက်ဝမ်းနည်းနေကြပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့က အရာရာကို အကောင်းဆုံးလုပ်ချင်ပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ ဖြစ်ချင်သလို ဖြစ်မလာခဲ့ပါဘူး"
"နေရာလွတ်တွေကို ကောင်းကောင်း အသုံးမချနိုင်ခဲ့သလို ဘောလုံးပေးပို့မှုတွေမှာလည်း အမှားအယွင်းတွေ ရှိခဲ့ပြီး အနည်းငယ်လောကြီးနေခဲ့ကြတယ်လို့ ထင်ပါတယ်။ တိုက်စစ်ပိုင်းဂိုးသွင်းယူဖို့အတွက် အခွင့်အရေးတွေဖန်တီးပေးနိုင်မယ့် နောက်ဆုံးပေးပို့မှုတွေကို မှန်မှန်ကန်ကန် မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး"
"အခုတော့ အချင်းချင်းစည်းလုံးညီညွတ်စွာနဲ့ လာမယ့်ပွဲစဉ်တွေမှာ အကောင်းဆုံး တုံ့ပြန်ကစားဖို့ပဲ ရှိပါတော့တယ်။ ဒါက ကျွန်တော်တို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပါ။ အခုပွဲစဉ်ကို ပြန်လည်သုံးသပ်ပြီး ဘာတွေမှားယွင်းခဲ့သလဲဆိုတာ ကြည့်ရှုကာ လာမယ့်ပွဲစဉ်မှာ ပိုကောင်းအောင် လုပ်ဆောင်သွားရပါတော့မယ်" လို့ ဆိုပါတယ်။