The network connection is lost.

Banner Image

မန်ချက်စတာဒါဘီမှာ VAR ကြောင့် အကျိုးခံစားခွင့်ရခဲ့ပြီးနောက် VAR ဒိုင်တွေကို ကာကွယ်ပြောဆိုလိုက်တဲ့ မာရက်စ်ကာ

မန်စီးတီးနည်းပြ အန်ဇိုမာရက်စ်က ယူနိုက်တက်ကို ၁-၀ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ VARရဲ့အမှားအယွင်းတစ်ခုကနေ အကျိုးခံစားခွင့် ရရှိခဲ့ပြီးနောက် VAR ဒိုင်လူကြီးတွေအပေါ် စာနာနားလည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ၁၀ယောက်ကျန် မန်စီးတီးက VAR အမှားကြောင့်ရခဲ့တဲ့ ဟာလန်းရဲ့အငြင်းပွားဖွယ်သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဟာလန်းရဲ့ဂိုးကို အစောပိုင်းမှာ လူကျွံဘောအဖြစ် စည်းကြပ်ဒိုင်က အလံထောင်ခဲ့ပေမဲ့ ယူနိုက်တက် နောက်ခံလူ ပက်ထရစ်ခ်ဒေါ်ဂူကြောင့် ဟာလန်းက လူမကျွံဘူးလို့ VAR က ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒါပေမဲ့ အဲဒီအချိန်မှာ သိသိသာသာ လူကျွံနေပြီး ကစားကွက်ထဲ ဝင်ရောက်နှောင့်ယှက်နေတဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ နေရာယူမှုကိုတော့ ထည့်သွင်းစဉ်းစားဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဒိုင်လူကြီးများအဖွဲ့ Pro Ref ကတော့ ဒါက "ဆုံးဖြတ်ချက်ပိုင်းဆိုင်ရာ အမှားအယွင်း" ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး ဗီဒီယိုအထောက်အကူပြု ဒိုင်လူကြီးအနေနဲ့ ကွင်းအတွင်းက မော်နီတာမှာ ပြန်လည်စစ်ဆေးဖို့ အကြံပြုသင့်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ယနေ့ည ချန်ပီယံရှစ်ကလပ် နောဝစ်ချ်နဲ့ ကစားရမယ့် ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မတိုင်မီ မာရက်စ်ကာက အဆိုပါ ဒိုင်လူကြီးတွေဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။

မာရက်စ်ကာက"တစ်ခါတလေကျရင် ဒီဆုံးဖြတ်ချက်တွေက ကိုယ့်ဘက် ပါလာတတ်သလို၊ တစ်ခါတလေကျရင်လည်း ကိုယ့်အတွက် ဆန့်ကျင်ဘက် ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ မျက်နှာပြင်ရှေ့မှာ ထိုင်နေရတဲ့ VAR တာဝန်ရှိသူတွေအတွက် စက္ကန့် ၁၀၊ ၂၀ အတွင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတာ မလွယ်ကူဘူးလို့ ကျွန်တော် မြင်ပါတယ်။

သူတို့အတွက် မလွယ်ပါဘူး။ တစ်ခါတလေ အမှားအယွင်းတချို့ လုပ်မိတတ်ကြပါတယ်။ ကျွန်တော်လည်း မှားတတ်တယ်၊ ကစားသမားတွေလည်း မှားတတ်တယ်၊ ဒါက ကျွန်တော်တို့ အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ပဲ ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

အီတလီလူမျိုးနည်းပြက ၂၀၂၂-၂၃ ရာသီ သူ ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အငြင်းပွားဖွယ် ဖြစ်ရပ်တစ်ခုကို သတင်းထောက်တွေကို ပြန်လည် အမှတ်ရစေခဲ့ပါတယ်။

အဲဒီတုန်းက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က ၂- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း မားကပ်စ်ရပ်ရှ်ဖို့ဒ်က သိသိသာသာ လူကျွံနေတဲ့ အနေအထားမှာ ရှိနေခဲ့ပေမဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးကို ဒိုင်တွေက ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂိုးနဲ့ ပတ်သက်လို့ ဒိုင်လူကြီးတွေဘက်က တောင်းပန်စကား ပြောလာမယ့်အချိန်ကို သူ အခုထိ စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ မာရက်စ်ကာက ပြောပါတယ်။

မာရက်စ်ကာက"လွန်ခဲ့တဲ့ ၃ နှစ် ကျွန်တော် ဒီမှာရှိနေတုန်းကလည်း ယူနိုက်တက်နဲ့ပွဲမှာ အခုလို အဖြစ်အပျက်မျိုး အတိအကျ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အဲဒီမှာ ဒါဘီပွဲ ရှုံးခဲ့တယ်။ ခင်ဗျားတို့ မှတ်မိကြမယ်ဆိုရင် အဲဒီဂိုးက ပုံမှန်ဂိုး မဟုတ်ခဲ့ပါဘူး။ ရိုးရိုးသားသား ပြောရရင် ဘယ်သူကမှ လာမတောင်းပန်ခဲ့ပါဘူး။ အဲဒီဂိုးအတွက် တောင်းပန်စကားကို ကျွန်တော်တို့ အခုထိ စောင့်နေတုန်းပါပဲ။ တစ်ခါတလေ ကိုယ့်ဘက် ပါလာတယ်၊ တစ်ခါတလေ ကိုယ့်အတွက် ဆန့်ကျင်ဘက် ဖြစ်သွားတယ်။ ဒါက ဘောလုံးလောကရဲ့ သဘာဝပါပဲ"လို့ ပြောခဲ့ပါတယ်။