The network connection is lost.

Banner Image

ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတစ်စုံတစ်ရာ မခံစားရကြောင်း မိုက်ကယ်ကာရစ် ပြောကြား

ယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ကာရာဘောင်းဖလားမှာ ဘရိုက်တန်ကို ၃ ဂိုး - ၂ ဂိုးနဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

ယူနိုက်တက်က ပွဲအစမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ၁၀ မိနစ်အတွင်းမှာတင် ရှီးယားလေစီ၊ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘရိုက်တန်က အကောင်းဆုံး ပြန်လည်တုံ့ပြန်ခဲ့ပြီး ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်က ကာရာဘောင်းဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်ကနေ နှစ်ရာသီဆက် ထွက်ခွာခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ကာရစ်က ယူနိုက်တက်ကို ကိုင်တွယ်ရတာနဲ့အတူ တာဝန်ယူတာဝန်ခံမှုတွေ ပါလာတယ်ဆိုတာကို လက်ခံထားပေမဲ့ ဖိအားတစ်စုံတစ်ရာ မခံစားရဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ကာရစ်က"ကျွန်တော်တို့ နိုင်တဲ့အခါ လူတွေက ကျွန်တော် ကောင်းကောင်းလုပ်နေတယ်လို့ ပြောကြမယ်၊ မနိုင်ဘူး သို့မဟုတ် ရလဒ်ကောင်းတွေ မရဘူးဆိုရင်တော့ ဒါတွေအားလုံးက ကျွန်တော့်အပေါ်ကို ကျရောက်လာမှာပါပဲ။ ကျွန်တော် ဒါကို လက်ခံပါတယ်၊ ဘာတစ်ခုမှ ရှောင်လွှဲမနေပါဘူး။ ဖြစ်သင့်တာ ဖြစ်လာတာပါပဲ။

မရှိပါဘူး၊ ကျွန်တော့်မှာ ဖိအားရှိတယ်လို့ မခံစားရပါဘူး။ ဒီရလဒ်က ကျွန်တော့်ကို နည်းနည်းလေးမှ မထိခိုက်ပါဘူး။ တကယ် စိတ်ထဲ အနှောင့်အယှက် မဖြစ်ပါဘူး" လို့ ဆိုပါတယ်။

ရလဒ်တွေ ဆိုးရွားနေပေမဲ့ လက်ရှိ အခြေအနေကို အမြန်ဆုံး ပြောင်းလဲပစ်နိုင်မယ့် အရည်အသွေးကောင်းတွေ ယူနိုက်တက်မှာ ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ကြောင်း ကာရစ်က ပြောပါတယ်။

ဆက်လက်ပြီး ကာရစ်က"ဒါပေါ့၊ ကျွန်တော်တို့ အခြေအနေကို ပြန်ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ တကယ်ကို ကောင်းမွန်တဲ့ ကစားသမားတချို့ ရှိပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ် သို့မဟုတ် သုံးပတ်လောက်က အခြေအနေမကောင်းခဲ့တာကြောင့် အခုအချိန် စိတ်ပျက်ရတာ အမှန်ပါပဲ၊ ဒါပေမဲ့ ဒီအခြေအနေက ပွဲတွေကို အနိုင်မရနိုင်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး"လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်က လာမယ့် တနင်္ဂနွေနေ့ ဖူလ်ဟမ်ရဲ့ အိမ်ကွင်းဆီ သွားရောက် ယှဉ်ပြိုင်ကစားရင်း အသင်းရဲ့ ရလဒ်ဆိုးတွေကို တုံ့ပြန်ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။