ပြိုင်ဘက်တွေထက် အားသာချက်ရှိနေတဲ့အသင်းကို ထုတ်ဖော်ပြောကြားလာတဲ့ အလန်ရှီးယား
နယူးကာဆယ်ဂန္ထဝင်ဟောင်း အလန်ရှီးယားက အာဆင်နယ်ဟာ သူတို့ရဲ့ခံစစ် နဲ့ တည်ကန်ဘောစွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီး ၊ လီဗာပူးတို့ထက် အားသာချက်ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ပဲလေ့စ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့အဆင့် ၁ နေရာမှာ ၄ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်ထားနိုင်ပါတယ်။
အခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက် ပေးဂိုးမပေးခဲ့ရသလို ဒီရာသီ ၁၃ ပွဲမှာ ၁၀ ပွဲအထိ ဂိုးမပေးရတဲ့စံချိန်တင်နိုင်ခဲ့ပါတယ်။ အလန်ရှီးယားက အာဆင်နယ်ရဲ့ခံစစ်အားသာချက်ဟာ ပြိုင်ဘက်တွေထက် နှာတစ်ဖျားသာနေတယ်လို့ ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဘရန့်ဖို့ဒ်ကို အရေးနိမ့်ခဲ့ပြီးနောက် ဒီရာသီလိဂ်ပွဲ ၄ ပွဲဆက်အထိ အရေးနိမ့်ခဲ့ပါတယ်။ မန်စီးတီးရဲ့စွမ်းဆောင်ရည်ကောင်းတွေကလည်း ဗီလာကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ရပ်တန့်ခဲ့ပါတယ်။
အခုအပတ်မတိုင်ခင်ကတည်းက အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရေပန်းစားနေပေမယ့် အခုတော့ ပိုပြီးအခြေအနေကောင်းလာခဲ့ပါတယ်။ “ကြားရက်မှာ ချန်ပီယံလိဂ်ကန်ခဲ့ရပြီး အခုလိုပွဲမျိုးထပ်ကန်ရတာက မလွယ်ပါဘူး။ ခင်ဗျားအနေနဲ့ လိုချင်တဲ့ရလဒ်မျိုးရဖို့ ခက်ခဲတတ်ပါတယ်။ အာဆင်နယ်အတွက် သက်တောင့်သက်သာမဖြစ်ပေမယ့် သူတို့အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်ရဲ့ခံစစ် နဲ့ တည်ကန်ဘောစွမ်းဆောင်ရည်က မန်စီးတီး ၊ လီဗာပူးတို့ထက် အားသာနေပါတယ်။ သူတို့က ဦးဆောင်သူဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့နိုင်ပွဲဘယ်လိုယူရမလဲဆိုတာ သိနေပါတယ်။ ကစားပုံမကောင်းရင်တောင် တည်ကန်ဘောကနေ ဂိုးရအောင်စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး အမှတ်ပေးဇယားကို ဦးဆောင်နိုင်နေတာပါ”လို့ အလန်ရှီးယားက ဖြေကြားခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ချဲလ်ဆီးအသင်းကလည်း ဆန်းဒါးလန်းကိုအနိုင်ရပြီးနောက် လိဂ်ဖလားချန်ပီယံဆုအတွက် ရေပန်းစားလာပါတယ်။ ပဲလေ့စ်ကိုအနိုင်ရပြီးနောက် အာတီတာက “အဲ့တာက ဒီလိဂ်မှာကန်ရတာ ဘယ်လောက်ခက်ခဲလာလဲဆိုတာကို ပြသနေပါတယ်။ ကစားသမားတွေကို သူတို့ဖုန်းတွေပေးမသုံးထားပါဘူး။ ဒါကြောင့် သူတို့ရလဒ်မသိပါဘူး”လို့ အာတီတာ ဖြေကြားခဲ့ပါတယ်။ အခုအပတ်ရလဒ်တွေကြောင့် မထင်မှတ်ထားတွေဖြစ်လာခဲ့ပြီး ဘုန်းမောက်က အဆင့် ၂ နေရာ နဲ့ ဆန်းဒါးလန်းအသင်းက အဆင့် ၃ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။