The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ စိတ်ပျက်မိကြောင်းပြောလာတဲ့ ယူနိုက်တက်နည်းပြ ကာရစ်

သောကြာနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ကာရစ်က စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အဆိုပါပွဲစဉ်မှာ ယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား အနီကတ်ပြသခံခဲ့ရသလို အာမက်ဒီယာလို ပင်နယ်တီရသင့်တယ်လို့ ယူဆရတဲ့အခြေအနေမှာလည်း ဒိုင်လူကြီးက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ကာရစ်က "စိတ်ပျက်မိပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့သလို ဂိုးသွင်းဖို့ အခြေအနေကောင်းတွေလည်း ရခဲ့ပါတယ်။ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်မယ့် အခွင့်အရေးကောင်းကြီးကို လက်လွှတ်ခဲ့ရသလို ပင်နယ်တီတစ်ခုပေးပြီး နောက်တစ်ခုကိုကျတော့ မပေးခဲ့ပါဘူး။

အဖြစ်အပျက်နှစ်ခုလုံးက လက်နှစ်ဖက်နဲ့ ဆွဲလိုက်တာချင်း အတူတူပါပဲ။ ဒိုင်လူကြီးက တစ်ခုကိုတော့ မှားသွားတယ်၊ ဘယ်တစ်ခုလဲတော့ မသိပေမဲ့ ဒုတိယတစ်ခုကိုတော့ ကျွန်တော်တို့ကို ပေးမခဲ့ပါဘူး။ ကျွန်တော့်အမြင်မှာတော့ နှစ်ခုလုံးက ပင်နယ်တီတွေပါပဲ၊ ဒါဟာ ပွဲရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ ပွဲက ရှုပ်ထွေးသွားခဲ့ပါတယ်။ ဒီလောက်အရေးကြီးတဲ့ အခိုက်အတန့်မှာ တစ်ခုကိုပေးပြီး နောက်တစ်ခုကို မပေးတာကတော့ ရူးချင်စရာပါပဲ။ အဲဒါက တကယ့်ကို ရှင်းလင်းတဲ့အရာပါ။ ပထမတစ်ခုကို ပင်နယ်တီပေးတယ်ဆိုရင် ဒုတိယတစ်ခုကလည်း ပင်နယ်တီ ဖြစ်ကိုဖြစ်ရပါမယ်။

ဒါကို ဘာလို့မပေးလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ အဲဒီနောက်မှာ ဂိုးပေးလိုက်ရပြီး အခြေအနေတွေက တော်တော်လေး ရှုပ်ထွေးသွားခဲ့ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်လျော့နဲ့ ပွဲကို အဆုံးအထိထိန်းနိုင်ပြီး အမှတ်ခွဲယူနိုင်ခဲ့တာကတော့ တကယ့်ကို အပေါင်းလက္ခဏာဆောင်တဲ့ အချက်ပါ။

တကယ်တော့ ပွဲအခြေအနေအရ ရှုံးတောင်ရှုံးသွားနိုင်တာမို့ ရခဲ့တဲ့ တစ်မှတ်ကို ကျေနပ်ရမှာဖြစ်ပေမဲ့ အနိုင် ၃ မှတ်မရခဲ့လို့ စိတ်ပျက်မိတာပါ" လို့ ပြောပါတယ်။ မက်ဂွိုင်းယား အထုတ်ခံရတာနဲ့ ပတ်သက်ပြီး ကာရစ်က "ဖြစ်နိုင်တာကတော့ (ဆုံးဖြတ်ချက် ပြင်းထန်လွန်းတယ်လို့) ထင်ပါတယ်။ အဲဒီအချိန်မှာ အခြေအနေတွေက အရမ်းရှုပ်ထွေးနေတော့ ဒိုင်လူကြီးက သူ့ဆုံးဖြတ်ချက်ကို သူချခဲ့တာပါ။ တကယ်ဆို အဲဒီမတိုင်ခင် ကျွန်တော်တို့ ပင်နယ်တီ ရသင့်တာပါ၊ ပင်နယ်တီ နှစ်လုံးသာ ရခဲ့ရင် အခုလို အနီကတ်ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘုန်းမောက်ရဲ့ ကစားပုံကိုတော့ ချီးကျူးရပါမယ်။ တကယ့်ကို တက်တက်ကြွကြွနဲ့ အပြုသဘောဆောင် ကစားသလို ပြိုင်ဘက်ကိုလည်း အမြဲတမ်း စမ်းသပ်နေတဲ့အသင်းပါ။

လူတစ်ယောက်လျော့နဲ့ အချိန်အတော်ကြာ ကစားခဲ့ရသလို လူစားလဲမှုတွေလည်း လုပ်ခဲ့ရပါတယ်၊ လူစားဝင်လာတဲ့ ကစားသမားတွေကလည်း ပွဲပြီးခါနီးမှာ တော်တော်လေး ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်။ ခက်ခဲနိုင်တဲ့ နောက်ဆုံးမိနစ်တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်" လို့ ဆိုပါတယ်။ နောက်ပွဲမတိုင်ခင် နိုင်ငံတကာပွဲစဉ်တွေရှိနေတာနဲ့ ပတ်သက်ပြီးတော့လည်း "ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတာပါပဲ၊ ပြဿနာမဟုတ်ပါဘူး။ ကစားသမားတွေက အသင်းကနေ ခေတ္တခွဲခွာသွားမှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေကြောင့် အချိန်အတော်ကြာမယ်လို့ ခံစားရနိုင်ပေမဲ့ လိဒ်ယူနိုက်တက်နဲ့ ပွဲအတွက်တော့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေမှာပါ" လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။