The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ပွဲမတိုင်မီ မာဇရာဝီဖျားနာနေကြောင်း အသိပေးလာတဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်က ဒီတစ်ပတ်မှာ ကစားမယ့် ဘုန်းမောက်နဲ့ ပွဲစဉ်မတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် သောကြာနေ့ညမှာ ဘုန်းမောက်အသင်းရဲ့ ဗိုက်တာလစ်တီးကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၈ ပွဲမြောက် အနိုင်ရလဒ်ရရှိဖို့ ပစ်မှတ်ထားနေတာပါ။

ကာရစ်ဟာ ယူနိုက်တက်ကို ဒုတိယအကြိမ် ယာယီနည်းပြအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ပရီးမီးယားလိဂ် ၉ ပွဲမှာ ၇ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးထားနိုင်တာပါ။ အကယ်၍ ဒီပွဲမှာသာ ထပ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ပိုပြီး ခိုင်ခိုင်မာမာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

အသင်းရဲ့ လူစာရင်းသတင်းနဲ့ ပတ်သက်ပြီးတော့လည်း ကွင်းလယ်လူဟောင်းကြီးဖြစ်သူ ကားရစ်က လီဆန်ဒရို မာတီးနက်ဇ် အပါအဝင် ကစားသမားအချို့ရဲ့ အခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။ "ဟုတ်ပါတယ်၊ သူက ပြန်ကစားနိုင်ဖို့နီးစပ်နေပါပြီ၊ ကျောဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒီလစ်ချ်ထက်စာရင် အများကြီး ပိုနီးစပ်နေတာပါ။ သူ အခြေအနေ ကောင်းလာပါပြီ၊ ဒီပွဲပြီးရင်တော့ သူ အဆင်ပြေသွားမှာပါ" လို့ ဆိုပါတယ်။ ပက်ထရစ် ဒေါ်ဂူနဲ့ ပတ်သက်လို့ကတော့ "သူကတော့ ပြန်လာဖို့ နည်းနည်း ပိုပြီး အချိန်ယူရဦးမှာပါ" လို့ ပြောပါတယ်။

မေဆန်မောင့်အကြောင်းကိုလည်း "သူ လေ့ကျင့်ခန်းဆင်းထားတဲ့ အခြေအနေအရ ကြည့်ရင်တော့ လက်ရှိမှာ ပွဲထွက်ကစားဖို့က သူ့အတွက် နည်းနည်း ဝန်ပိနေပါဦးမယ်။ သူ အသင်းနဲ့အတူ ပြန်ရှိနေတာကတော့ တကယ်ကို ဝမ်းသာစရာပါပဲ၊ သူက ထူးချွန်တဲ့ ကစားသမားဖြစ်သလို အသင်းထဲမှာ ရှိနေတာကလည်း အားတက်စရာပါ။ အခုလာမယ့် နားရက်တွေက သူ့ကို ပိုပြီး ကြံ့ခိုင်မှုပြည့်ဝလာအောင် အခွင့်အရေးပေးမှာဖြစ်လို့ ဒါဟာ သူ့အတွက် အချိန်ကောင်းပဲလို့ ပြောရမှာပါ" လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ နူဆာ မာဇရာဝီရဲ့ အခြေအနေကိုတော့ "သူက ဖျားနေတာပါ၊ နေလို့ သိပ်မကောင်းဖြစ်နေလို့ပါ" လို့ ကာရစ်က ပြောကြားသွားခဲ့ပါတယ်။