ဘရိုက်တန်အတွက် ပေါင်းကူးပေးသူအဖြစ် ဝဲလ်ဘတ်ကို ချီးကျူးခဲ့တဲ့ ဟာဇလာ
ဘရိုက်တန်နည်းပြဟာဇလာက ဒီနေ့၊လီဗာပူးနဲ့ပွဲစဉ်မတိုင်ခင် ဒန်နီဝဲလ်ဘတ်ကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။
ဝဲလ်ဘတ်က အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ကြေညာခဲ့တဲ့ အခုနိုင်ငံတကာသီတင်းပတ်အတွက် ကစားသမား ၃၅ ဦးစာရင်းမှာ မပါဝင်ခဲ့ပါဘူး။
ဟာဇလာက "ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းက ပါစကယ်ဂရို့စ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးတာရှိပါတယ်။ ဂျာမနီမှာတော့ 'သူက နည်းပြအတွက် အားကိုးရတဲ့ လက်ရုံးတစ်ဆူလို့ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ ဆိုလိုတာက သူက ဘေးမှာရှိတဲ့ကစားသမားတွေကို ပိုပြီးခြေစွမ်းတက်လာအောင် ကူညီပေးနိုင်တယ်ပေါ့။
အဲဒီစကားစုက ဒန်နီဝဲလ်ဘတ်နဲ့လည်း ၁၀၀ ရာခိုင်နှုန်းကိုက်ညီပါတယ်။ သူကလည်း နည်းပြအတွက် တခြားနည်းလမ်းနဲ့ အားကိုးရတဲ့ လက်ရုံးတစ်ဆူပါပဲ။ ကျွန်တော်ဆိုလိုတာက ပါစကယ်ဂရို့စ်နဲ့ မတူတဲ့ပုံစံမျိုးပါ။ ပါစကယ်ဂရို့စ်က ကွင်းတွင်းနည်းစနစ်ပိုင်းတွေမှာ ပိုပြီးအားစိုက်တယ်ဆိုရင်၊ ဝဲလ်ဘတ်ကတော့ မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမွန်တဲ့ ပေါင်းကူတံတားတစ်စင်းပါ။ သူက အသက်အရွယ်မတူတဲ့သူတွေ၊ ယဉ်ကျေးမှုမတူတဲ့သူတွေကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းပေးနိုင်တယ်၊ ဒါက နည်းပြတစ်ဦးအတွက် တကယ်ကို အထောက်အကူဖြစ်စေတဲ့အချက် ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
"ဒါက အထူးသဖြင့် ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးတွေမှာ အသက်အရွယ်စုံကစားသမားတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင်၊ လူတိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာတူညီလာအောင်နဲ့ အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင်လုပ်တဲ့နေရာမှာ တကယ်ကို အထောက်အကူဖြစ်စေပါတယ်။ သူက မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားသူဖြစ်သလို ကျွန်တော်ကတော့ ဝဲလ်ဘတ်ရဲ့ ကွင်းပြင်ပအမူအကျင့်တွေကိုရော၊ ကွင်းတွင်းခြေစွမ်းတွေကိုပါ ပြောပြရတာကို နှစ်သက်ပါတယ်။ သူက ကြိုးစားအားထုတ်မှုရှိတဲ့ ကစားသမားတစ်ဦးဖြစ်သလို အသင်းအတွက်လည်း ဂိုးတွေသွင်းယူပေးနေပါတယ်" လို့ ဟာဇလာက ဆိုပါတယ်။