ရက်ရှ်ဖို့ဒ်ရဲ့အပြောင်းအရွှေ့သတ်မှတ်ချက်တွေကို ညှိနှိုင်းဖို့ကြိုးစားနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။
လက်ရှိမှာ ရပ်ရှ်ဖို့ဒ်က မန်ယူကနေ ဘာစီလိုနာဆီကို တစ်ရာသီအငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပြီး ယူရိုသန်း ၃၀ ပေးရင် အပြီးသတ်ဝယ်ယူခွင့်ရှိပေမဲ့ ဘာစီလိုနာဘက်ကတော့ ဒီအချက်ကို အသုံးချဖို့ စိတ်အားထက်သန်မှု မရှိတော့ပါဘူး။
အင်္ဂလန်တိုက်စစ်မှူးဟာ အသင်းအတွက် အကျိုးပြုနိုင်စွမ်းရှိတယ်ဆိုတာ သိသာနေပေမဲ့လည်း ဘာစီလိုနာက သူ့ကို ရေရှည်အတွက် ပိုက်ဆံအများကြီး အကုန်အကျခံပြီး ခေါ်ယူဖို့ တွန့်ဆုတ်နေတာပါ။ အဲဒီအစား တခြားနေရာတွေမှာ အားဖြည့်ဖို့အတွက် ငွေကြေးသုံးစွဲနိုင်အောင်လို့ ရပ်ရှ်ဖို့ဒ်ရဲ့ အငှားသက်တမ်းကို နောက်ထပ်တစ်ရာသီ ထပ်တိုးဖို့ပဲ ဘာစီလိုနာက ဆန္ဒရှိနေပါတယ်။
အကယ်၍ အငှားသက်တမ်းကုန်ဆုံးချိန်မှာ မဖြစ်မနေ ဝယ်ယူရမယ်ဆိုတဲ့ အချက်ကိုသာ စာချုပ်ထဲ ထည့်သွင်းပေးမယ်ဆိုရင် အခုလို အစီအစဉ်အသစ်ကို မန်ယူဘက်က သဘောတူလိမ့်မယ်လို့ ဘာစီလိုနာဘက်က ယုံကြည်နေကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ မန်ယူအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၈ ခုနှစ်အထိ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။