The network connection is lost.

Banner Image

လိုင်ယွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် အာဖွန်ဆို မော်ရေးရားကို ခေါ်ယူဖို့ ယူနိုက်တက် အံ့အားသင့်ဖွယ် စီစဉ်နေ

လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ လိုင်ယွန်အသင်းရဲ့ ခြေစွမ်းပြ လူငယ်ကစားသမားလေး အာဖွန်ဆို မော်ရေးရားကို ခေါ်ယူဖို့ ယူနိုက်တက်က အံ့အားသင့်ဖွယ် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြ မိုက်ကယ် ကားရစ်ရဲ့ လက်အောက်မှာ ယူနိုက်တက်ဟာ ၄-၂-၃-၁ ကစားကွက်ကို ပြန်လည် အသုံးပြုလာခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ ဘယ်တောင်ပံကစားသမားသစ် တစ်ဦးကို ခေါ်ယူဖို့ ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

A Bola သတင်းဌာနရဲ့ ဖော်ပြချက်အရ ပရီမီယာလိဂ် ထိပ်သီးကလပ် ယူနိုက်တက်ဟာ အသင်းရဲ့ အားနည်းနေတဲ့ နေရာကို အင်အားဖြည့်တင်းဖို့အတွက် အသက် ၂၁ နှစ်အရွယ် မော်ရေးရားကို ပစ်မှတ်ထားရမယ့်သူအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မော်ရေးရားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ စပို့တင်းအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို ၂ သန်းဝန်းကျင်နဲ့ လိုင်ယွန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမဲ့ အခုအခါမှာတော့ ပြင်သစ်ကလပ်အတွက် အရေးပါတဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အသင်းဖော် မာလစ် ဖိုဖာနာ ဒဏ်ရာရသွားပြီးနောက်ပိုင်း သူဟာ လိုင်ယွန်အတွက် ၃၅ ပွဲ ကစားပေးထားရာမှာ ဂိုး ၈ ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မော်ရေးရားကို ခေါ်ယူဖို့က ယူနိုက်တက် တစ်သင်းတည်း ကြိုးပမ်းနေတာတော့ မဟုတ်ပါဘူး။ ဂျာမနီနဲ့ အီတလီက ကလပ်အသင်းတွေကလည်း ဒီတောင်ပံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာကြောင့် ယူနိုက်တက်အနေနဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။