အသင်းနဲ့ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန် အမ်ဘာပေကို ကာကွယ်ပြောကြားလိုက်တဲ့ သူ့ရဲ့အဖွဲ့သားများ
အသင်းနဲ့အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေက ခုခံကာကွယ်ပြောဆိုလိုက်ပါတယ်။
ဒဏ်ရာရရှိနေချိန်အတွင်း ပြုမူနေထိုင်ပုံတွေကြောင့် အမ်ဘာပေကို ဝေဖန်နေကြပေမဲ့လည်း ပြင်သစ်ကြယ်ပွင့်ရဲ့ကိုယ်စားလှယ်တွေကတော့ ဒီသတင်းတွေကို အမှန်တရားနဲ့ဝေးကွာလွန်းနေတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
အမ်ဘာပေရဲ့အဖွဲ့သားတွေက အမ်ဘာပေရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ လိုအပ်တာထက်ပိုပြီး အဓိပ္ပါယ်ကောက်ယူနေခြင်းသာ ဖြစ်တယ်လို့ ဆိုကာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အပေါ် ဝေဖန်လာမှုတွေကို ပယ်ချလိုက်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးက ဧပြီ ၂၄ ရက်၊ ဘက်တစ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဘောလုံးပွဲစဉ်တွေနဲ့ဝေးကွာနေပါတယ်။
အမ်ဘာပေက အခုဘောလုံးရာသီမှာ ၄၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားကာ အသင်းအတွက် ခြေစွမ်းပြသနေပါတယ်။ ဒါ့အပြင် သူက အခုဘောလုံးရာသီ၊ လာလီဂါပြိုင်ပွဲမှာ ၂၄ ဂိုး၊ ချန်ပီယံလိဂ်မှာ ၁၅ ဂိုးသွင်းယူပြီး ပြိုင်ပွဲနှစ်ရပ်ရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါတယ်။
ဒါပေမဲ့ မက်ပီက ဒဏ်ရာကြောင့် အနားယူနေချိန်အတွင်း တနင်္ဂနွေနေ့၊ မက်ဒရစ်ကို ပြန်မလာခင် ပဲရစ်နဲ့ ဆာဒီနီးယားကျွန်းစုဒေသတွေဆီ ခရီးထွက်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် အမ်ဘာပေက မက်ဒရစ်နည်းပြအဖွဲ့ဝင်တစ်ဦးနဲ့ အချင်းများခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူ့ရဲ့အဖွဲ့သားတွေကမူ AFP သတင်းဌာနဆီ ထုတ်ပြန်ချက်တစ်ခု ပေးပို့ခဲ့ပြီး အမ်ဘာပေကိုယ်တိုင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပြန်လာနိုင်ဖို့ကို အာရုံစိုက်နေတယ်လို့ အတိအကျပြောကြားခဲ့ပါတယ်။
"ဝေဖန်မှုအချို့ကြောင့် ကလပ်အသင်းကိုယ်တိုင် သေချာကြပ်မတ်ပေးထားတဲ့ ဒဏ်ရာပြန်လည်သန်စွမ်းရေးကာလအတွင်း လုပ်ဆောင်ချက်တွေကို အဓိပ္ပာယ်အမျိုးမျိုး လွဲမှားကောက်ယူနေကြတာ ဖြစ်ပါတယ်။ ဒါက အမ်ဘာပေရဲ့ အသင်းအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ နေ့စဉ်ကြိုးစားအားထုတ်မှုအစစ်အမှန်ကို မထင်ဟပ်စေပါဘူး" ဟု ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့သည့်တနင်္ဂနွေနေ့၊ အက်စပန်ညိုကို ၂-၀ ဖြင့် အနိုင်ရခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က အခုသီတင်းပတ်၊ အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်ခင် လာလီဂါချန်ပီယံဆုမျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာကလည်း အမ်ဘာပေဘက်မှ ခုခံကာကွယ်ပြောကြားခဲ့ပါတယ်။
"ဒဏ်ရာရကစားသမားတွေနဲ့ပတ်သက်တဲ့ အစီအစဉ်အားလုံးကို ရီးရဲလ်မက်ဒရစ်ဆေးအဖွဲ့ကပဲ တိုက်ရိုက်ကြပ်မတ်ပါတယ်။ ကစားသမားတွေ ဘယ်အချိန်မှာ လေ့ကျင့်ရေးကွင်းဆီ လာရမယ်ဆိုတာကို သူတို့ပဲ စီမံထိန်းချုပ်တာပါ။ အားလပ်ချိန်မှာတော့ ကစားသမားတွေက သူတို့ သင့်တော်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ကတော့ ကစားသမားအားလုံးရဲ့စိတ်ဓါတ်ပိုင်းကို သံသယလုံး၀မရှိပါဘူး" ဟု အာဘီလိုအာက ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်အတွက် အလွန်းပါးလျနေပြီဖြစ်တဲ့ လာလီဂါချန်ပီယံဖြစ်ခွင့်မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အခုသီတင်းပတ်၊ ဘာစီလိုနာနဲ့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။ ဒီပွဲစဉ်မှာ အမ်ဘာပေပါဝင်ကစားမလားဆိုတာတော့ အတိအကျမသိရသေးပါဘူး။