ဘာစီလိုနာအသင်းနဲ့ သတင်းတွေထွက်နေပေမဲ့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဆန္ဒမရှိတဲ့ ဝက်စလေ ဖိုဖာနာ
ချဲလ်ဆီးနောက်ခံလူ ဝက်စလေ ဖိုဖာနာဟာ ဘာစီလိုနာအသင်းနဲ့ သတင်းအသစ်တွေ ထွက်ပေါ်နေပေမဲ့လည်း အသင်းကနေ ထွက်ခွာဖို့ "ဘယ်လိုအစီအစဉ်မှ မရှိဘူး" လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိုဖာနာဟာ ချဲလ်ဆီးအသင်းရဲ့ လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီ ပရီးမီးယားလိဂ် ၂၂ ပွဲမှာ ၁၇ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိထားသူဖြစ်ပါတယ်။
Sky Sport.ch ရဲ့ ဖော်ပြချက်အရ ဖိုဖာနာရဲ့ ကိုယ်စားလှယ်တွေဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင်မှာ သူ့ကို ဘာစီလိုနာအသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါသတင်းမှာပဲ ချဲလ်ဆီးအသင်းဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဒီဗဟိုနောက်ခံလူကို ရောင်းချဖို့ ဆန္ဒရှိနေပြီး အနည်းဆုံး ယူရို သန်း ၃၀ (ပေါင် ၂၅.၈ သန်း) ဝန်းကျင်ရှိတဲ့ ကမ်းလှမ်းမှုမျိုးကို လက်ခံသွားဖို့ အသင့်ရှိနေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ Daily Mail သတင်းဌာနက ဖိုဖာနာဟာ အနောက်လန်ဒန်ကလပ် ချဲလ်ဆီးကနေ ထွက်ခွာဖို့ "ဆန္ဒမရှိ" ဘဲ အသင်းမှာ ပုံမှန်နေရာတစ်နေရာရဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဖော်ပြလာပါတယ်။