The network connection is lost.

Banner Image

နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရပြီးနောက် အောင်ပွဲတွေ ဆက်တိုက်ရယူနိုင်ဖို့ ဗီလာအသင်းကို အူနိုင်းအမ်မရီ တိုက်တွန်း

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ဇယားထိပ်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကနေ ပြန်လာနိုင်ခဲ့ပြီးနောက် အောင်ပွဲတွေ ဆက်တိုက်ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ 
မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဗီလာဟာ နော်တင်ဟမ် ဖောရက်စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဗီလာရဲ့ ၁၁ ပွဲဆက် အနိုင်ရလဒ် မှတ်တမ်း ရပ်တန့်သွားခဲ့ပေမဲ့ အခု ဖောရက်စ်ကို အနိုင်ရလိုက်တာကြောင့် အိမ်ကွင်းဖြစ်တဲ့ ဗီလာပါ့ခ်မှာတော့ ၁၁ ပွဲဆက်အနိုင်ရတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ 
ဒီနိုင်ပွဲကြောင့် ဗီလာဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့သလို တတိယနေရာက မန်ချက်စတာစီးတီးထက် ၁ မှတ် အသာရနေတာလည်း ဖြစ်ပါတယ်။
နည်းပြ အူနိုင်းအမ်မရီက အခုအချိန်မှာ အဓိက အာရုံစိုက်ရမှာက လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ "ဒါဟာ စိန်ခေါ်မှုတစ်ခုပါပဲ၊ ပဲလေ့စ်ကို အနိုင်ယူဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ကျွန်တော်တို့ကတော့ အောင်ပွဲတွေ ဆက်တိုက် ရချင်ပေမဲ့ ဒါဟာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး" လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အမ်မရီက ကစားသမားတွေရဲ့ ကြိုးစားမှုကိုလည်း ချီးကျူးခဲ့ပါတယ်။ ဩဂုတ်လကတည်းက အိမ်ကွင်းမှာ အမှတ်မလျှော့ဘဲ ကစားနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေဟာ သူတောင်းဆိုထားတဲ့အတိုင်း ပွဲကို စိုးမိုးနိုင်ခဲ့သလို အောင်နိုင်လိုစိတ် ပြင်းပြနေတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
အူနိုင်းအမ်မရီကတော့ ချန်ပီယံဆုတိုက်ပွဲအကြောင်းကို ကြိုမတွေးချင်သေးဘဲ သူတို့ရဲ့ အဓိကပန်းတိုင်က ဥရောပဝင်ခွင့် ရရှိဖို့ပဲ ဖြစ်တယ်လို့ အတည်ပြု ပြောကြားသွားပါတယ်။