The network connection is lost.

Banner Image

လိဒ်စ်နဲ့သရေကျခဲ့လို့ စိတ်ပျက်မိကြောင်း ဖွင့်ဟလာတဲ့ အမ်မရီ

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပြီးခဲ့တဲ့စနေနေ့က အိမ်ကွင်းမှာ လိဒ်စ်ယူနိုက်တက်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ရလဒ်အပေါ် အနည်းငယ် စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အဆိုပါပွဲစဉ်မှာ လိဒ်စ်အသင်းအတွက် အန်တွန်စတက်ရှ်က ပထမပိုင်းမှာပဲ လှပတဲ့ ဖရီးကစ်ဂိုးနဲ့ ဦးဆောင်ပေးခဲ့ပေမဲ့ ပွဲပြီးခါနီးမှာတော့ တမ်မီအေဘရာဟမ်က ဗီလာအတွက် အဖိုးတန်ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့တာပါ။

အမ်မရီက "ဒါက အကောင်းဆုံးရလဒ် မဟုတ်သလို၊ အဆိုးဆုံးလည်း မဟုတ်ပါဘူး။ မိနစ် ၉၀ နီးပါးအထိ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနေတဲ့အချိန်မှာ အခုလို သရေတစ်မှတ်ရအောင် ပြန်ကစားနိုင်ခဲ့တာဟာ တကယ်ကို ကောင်းမွန်တဲ့အချက်ပါပဲ။ ကျွန်တော်တို့ အကောင်းမြင်စိတ်ထားရပါမယ်။ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းမဆို သူတို့ရဲ့စွမ်းဆောင်ရည်တွေကို အပြည့်အဝပြသနေကြတာဖြစ်လို့ ဒီရလဒ်ကို လက်ခံရပါမယ်။ ဒီလိဂ်က ကျွန်တော်တို့အတွက်ရော တခြားအသင်းတွေအတွက်ပါ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ပြသနေတာပါ။ လက်ရှိမှာ ကျွန်တော်တို့က အဆင့် (၃) နေရာမှာ ဆက်ရှိနေတုန်းပဲ။ ဒီနေ့ရတဲ့ တစ်မှတ်ကိုလည်း အပြုသဘောဆောင်တဲ့ ရလဒ်အဖြစ် လက်ခံပြီး ရှေ့ဆက်သွားရပါမယ်။ ဘာလို့လဲဆိုတော့ ပွဲစဉ် ၃၈ ပွဲလုံးမှာ ခြေစွမ်းတည်ငြိမ်အောင် ကျွန်တော်တို့ ကြိုးစားသွားရမှာမို့လို့ပါ" လို့ ဆိုပါတယ်။

"အခုက ပွဲစဉ် ၂၇ ကို ရောက်နေပြီဖြစ်ပေမဲ့ ကျွန်တော်တို့ အဆင့် (၃) မှာပဲ ရှိနေပါသေးတယ်။ အရင်ကနဲ့မတူဘဲ အိမ်ကွင်းပွဲစဉ်အချို့မှာ အမှတ်လျော့ခဲ့တာတွေ ရှိပေမဲ့ အသင်းကို ဆက်လက်တည်ဆောက်နေတဲ့ ပုံစံအပေါ်မှာတော့ ကျွန်တော် အကောင်းမြင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု၊ အသင်းရဲ့ နည်းဗျူဟာပိုင်းနဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ အစွမ်းအစတွေနဲ့အတူ အိမ်ကွင်းက အားမာန်တွေကို ပြန်လည်ရယူသွားမှာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် အေဘရာဟမ် တစ်ကျော့ပြန် ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ်မှာလည်း အမ်မရီက ကျေနပ်အားရနေပါတယ်။ ပွဲအပြီး VillaTV နဲ့ အင်တာဗျူးမှာ "တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ သူက ပြီးခဲ့တဲ့အပတ်ကလည်း ဂိုးသွင်းခဲ့သလို၊ ဒီနေ့လည်း ထပ်သွင်းနိုင်ခဲ့ပါတယ်။ သူက အိုလီဝက်ကင်းစ်နဲ့ အပြိုင်အဆိုင် ကစားဖို့ ရောက်နေတာပါ။ တစ်ခါတလေ တစ်ယောက်ချင်းစီ ကစားရသလို၊ ဒီနေ့လိုမျိုး အတူတူတွဲပြီးလည်း ကစားရပါလိမ့်မယ်။ သူတို့နှစ်ယောက်လုံးက အသင်းအတွက် ဂိုးတွေ၊ ဖန်တီးမှုတွေ ပိုရလာအောင် ကြိုးစားပေးရမှာပါ။ တိုက်စစ်မှူးတစ်ယောက်အတွက် ဂိုးသွင်းတာ ဒါမှမဟုတ် ဂိုးဖန်တီးပေးတာဟာ ပုံမှန်အလုပ်ဖြစ်ပေမဲ့ အခုလိုမျိုး အသင်းကို ကူညီပေးဖို့ စိတ်အားထက်သန်နေတာဟာ တကယ်ကို ကောင်းမွန်တဲ့ အချက်ပါပဲ" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။