အင်္ဂလန်အသင်းမှာ အောင်ပွဲဆာလောင်စိတ် အားနည်းတယ်လို့ ဘန်လေဝါရင့်ကစားသမားဝေါ်လ်ကာပြောကြား
ဝါရင့်နောက်ခံလူကိုင်လီဝေါ်လ်ကာက အင်္ဂလန်အသင်းရဲ့အောင်ပွဲဆာလောင်စိတ်အားနည်းချက်ကြောင့် သူ့ရဲ့ကစားသမားဘဝသက်တမ်းတစ်လျှောက် အင်္ဂလန်အသင်းနဲ့အတူ ဆုဖလားတွေမရယူနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဝေါ်လ်ကာက ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀အနားယူပြီလို့ ကြေညာခဲ့ပါတယ်။
၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း ဆုဖလားတွေနဲ့ အင်္ဂလန်အသင်း ဘာကြောင့်ဝေးကွာနေရသလဲဆိုတဲ့ မေးခွန်းကို ဝေါ်လ်ကာက "ကျွန်တော်ထင်တာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြောင့်ပါပဲ" လို့ Overlap အစီအစဉ်မှာ ဖြေကြားခဲ့ပါတယ်။
"ကျွန်တော် တော့တင်ဟမ်အသင်းမှာ အချိန်အကြာကြီး ကစားခဲ့ဖူးပြီး ဗိုလ်လုပွဲတွေလည်း အများကြီးကစားခဲ့ဖူးပါတယ်။ အဲဒီတုန်းက အသင်းရဲ့အဝတ်လဲခန်းထဲမှာ ကြည့်လိုက်ရင် အတိတ်ကာလဖလားရဖူးတဲ့သူ ဒါမှမဟုတ် လိဂ်ချန်ပီယံ ဖြစ်ဖူးတဲ့သူတွေကို မရှိခဲ့ပါဘူး။" လို့ သူက ဆိုပါတယ်။
"မန်စီးတီးဆီရောက်ပြီး အာဆင်နယ်နဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲ ကစားခဲ့တုန်းက အဖြစ်အပျက်ကို ကျွန်တော် မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက အသင်းဖော်တွေကို ကြည့်လိုက်တော့ 'ငါတို့တော့ ဒီပွဲ နိုင်ပြီ' လို့ပဲ ချက်ချင်းတွေးမိလိုက်တယ်။ ဘာလို့လဲဆိုတော့ အသင်းမှာ ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗား၊ အဂူရိုနဲ့ ဒီဘရိုင်းတို့လို ကစားသမားတွေရှိနေတော့ စိတ်အေးသွားခဲ့တာပါ။ တကယ်လည်း ကွန်ပနီနဲ့ ဆေးလ်ဗားတို့ကပဲ ဂိုးတွေသွင်းပြီး ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၊ ခရိုအေးရှားနဲ့ပွဲစဉ်မှာ ကျွန်တော်တို့လိုအပ်ခဲ့တဲ့အရာကလည်း အဲဒီလိုအတွေ့အကြုံမျိုးလို့ ထင်ပါတယ်" လို့ ဝေါ်ကာက ဆက်ပြောပါတယ်။
"ခရိုအေးရှားအသင်းက မန်ဇူကစ်၊ ပါရီဆစ်နဲ့ မိုဒရစ်တို့လို ကစားသမားတွေကို ကြည့်ပါ။ သူတို့တွေက မတူညီတဲ့လိဂ်တွေမှာ အကြိမ်ကြိမ်ချန်ပီယံဖြစ်ထားကြသူတွေပါ။ သူတို့အတွက်လည်း နိုင်ချင်တဲ့စိတ်က တူတူပါပဲ၊ ရာနှုန်းပြည့် နိုင်ချင်ကြတာပါ။ ဒါပေမဲ့ သူတို့က အင်္ဂလန်ကစားသမားတွေလောက် ဖိအားတွေကို ရင်ထဲမှာ မသယ်ထားကြဘူး။ အင်္ဂလန်ကစားသမားတွေမှာတော့ တစ်နိုင်ငံလုံးအားပေးနေတဲ့ဖိအားကြီး ရှိနေတယ်လေ"။
ဝေါ်ကာက ဆက်လက်ပြီး "အင်္ဂလန်မှာဆိုရင် ပရိသတ်တွေ မြောင်းထဲခုန်ချပြီး အောင်ပွဲခံနေကြတဲ့ဗီဒီယိုတွေကို မြင်တွေ့ကြပါလိမ့်မယ်။ လူတွေက အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ အဲဒါကို မြင်လိုက်တဲ့အခါ 'ဒီမှာတော့ ဖိအားတွေ ရှိနေပြီ' လို့ တွေးမိသွားတယ်။ ကျွန်တော်တို့မှာ ဖိအားမရှိဘူးလို့ ဘယ်လောက်ပဲပြောပြော၊ ဗိုလ်လုပွဲရောက်ပြီဆိုတာနဲ့ ဖိအားကတော့ ရှိလာတာပါပဲ" လို့ ရှင်းပြပါတယ်။
ဒါ့အပြင် ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အီတလီကို ရှုံးနိမ့်ခဲ့မှုနဲ့ ပတ်သက်လို့လည်း ဝေါ်လ်ကာက "ဝင်ဘလေကွင်းမှာ ရှုံးခဲ့တာက တကယ့်ကို နာကျင်ရပါတယ်။ အရာအားလုံးက ဝင်ဘလေမှာ ဖြစ်ပျက်ခဲ့တာဆိုတော့ ပိုခံစားရတယ်။ ပွဲစဉ်အများကြီးမှာ ပြစ်ဒဏ်ဘောမှတဆင့် ဂိုးမပေးခဲ့ရပေမဲ့ တကယ်ကို ဂိုးမပေးချင်တဲ့ ဒီလိုပွဲမျိုးကျမှ ချေပဂိုးကို ပြစ်ဒဏ်ဘောမှတဆင့် ပြန်ပေးလိုက်ရတယ်ဆိုတာ စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။ ပွဲရဲ့အရေးပါမှုကလည်း တကယ့်ကို ကြီးမားပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံအတွက် တစ်ခုခုပြန်လုပ်ပေးချင်တဲ့ စိတ်လည်း ရှိနေခဲ့ပါတယ်။ ဖလားရဖို့ လက်တစ်ကမ်းအလိုရောက်မှ ပင်နယ်တီနဲ့ဆုံးဖြတ်လိုက်ရတယ်ဆိုတာ တကယ့်ကို ရက်စက်လွန်းပါတယ်။ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ စပိန်က ပိုကောင်းတဲ့အသင်းဖြစ်လို့ သူတို့ နိုင်သင့်တယ်ဆိုတာ လက်ခံပေမဲ့ ၂၀၂၀ မှာ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွေ့အကြုံကတော့ တကယ့်ကို ခါးသီးတဲ့ အရသာပါပဲ" လို့ ဖွင့်ဟခဲ့ပါတယ်။