လူငယ်ကစားသမားလေးတွေကို အလွန်အမင်းမချီးကျူးဖို့ သတိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယနေ့နံနက်က ဆောက်သမ်တန်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမားလေး အာမက်ဒီယာလိုကို ချီးကျူးမှုတွေ အလွန်အမင်းမပြုလုပ်ကြဖို့ သတိပေးပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ယူဂါတီရဲ့ OG ကြောင့်ပွဲကစားချိန် ၈၂ မိနစ်အထိ ဆောက်သမ်တန်ရဲ့ဦးဆောင်ခြင်းကို ခံထားခဲ့ရတာဖြစ်ပြီး အာမက်ရဲ့နောက်ကျဟက်ထရစ်သွင်းဂိုးကြောင့်သာ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ပြတ်သားတဲ့အနိုင်ရလဒ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အာမက်ဟာ ဝိန်းရွန်းနီနောက်ပိုင်း ယူနိုက်တက်အတွက် နောက်ဆုံးပွဲကစားချိန် ၁၀ မိနစ်အတွင်း ဟက်ထရစ်သွင်းယူနိုင်တဲ့ ဒုတိယကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က “အရေးကြီးဆုံးအချက်ကတော့ အသင်းနိုင်ပွဲရဖို့ဖြစ်ပြီး ဒီနေ့မှာ အာမက်က ကျွန်တော်တို့ကို အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုလူငယ်ကစားသမားလေးတွေနဲ့ပတ်သက်ပြီး သတိထားရမှာဖြစ်လို့ အလွန်အမင်းမချီးကျူးမိဖို့လိုပါတယ်။ သူ့အတွက်ဂုဏ်ယူပါတယ်။ သူ့အနေနဲ့လည်း ဒီအခိုက်အတန့်တွေကို တန်ဖိုးထားဖို့လိုပါတယ်”
“ကျွန်တော့်အနေနဲ့ သူ့ကိုမနက်ဖြန်မှာ ကောင်းကောင်းအနားယူဖို့နဲ့ အစားအသောက်ကောင်းကောင်းစားဖို့ပြောရပါဦးမယ်။ ဘာကြောင့်လဲဆိုတော့ တနင်္ဂနွေနေ့ပွဲမှာလည်း သူ့ကိုလိုအပ်လို့ပါ။ သူ့အသက်အရွယ်နဲ့ ယူနိုက်တက်လိုအသင်းအတွက် ဟက်ထရစ်သွင်းပေးနိုင်တယ်ဆိုတာ ချီးကူးစရာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးပေါ်တူဂီသားက “ကျွန်တော့်အနေနဲ့ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေကို နားလည်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းဒီအသင်းအတွက် ကြီးမားတဲ့မျှော်လင့်ချက်တွေရှိနေပါတယ်။ အိမ်ကွင်းမှာကစားရတာက အဝေးကွင်းမှာကစားရတာထက်ပိုပြီးတော့ ဖိအားများပါတယ်။ ကစားသမားတွေကို လေ့ကျင့်ရေးအစီအစဉ်တွေမှာ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ခိုင်းရပါဦးမယ်။ ကျွန်တော်တို့အားလုံး လူရောစိတ်ရောပင်ပန်းထားကြပါတယ်။ လာမယ့်ပွဲစဉ်အတွက် အဆင်သင့်ရှိနေဖို့ အာရုံစိုက်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။