သူကစားချင်ခဲ့တဲ့ တစ်ခုတည်းသောကလပ်ရဲ့အမည်ကို ဖွင့်ဟလာတဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက သူ့ရဲ့ကစားသမားဘဝမှာ စကော့တလန်မှာ သွားမကစားခဲ့ရတာကို နောင်တရမိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အကယ်၍ အချိန်ကို ပြန်ရွေးချယ်ခွင့်သာ ရှိမယ်ဆိုရင် ဆဲလ်တစ်အသင်းမှာ ကစားချင်တယ်လို့ ရွန်နီက ဆိုပါတယ်။
The Wayne Rooney Show မှာ သူက အခုလိုပြောခဲ့ပါတယ်။ "ကျွန်တော်ဟာ ဆဲလ်တစ်ပရိသတ်တစ်ယောက်ဆိုတာ လူတိုင်းသိပြီးသားပါ။ တစ်ချိန်ချိန်မှာ ဆဲလ်တစ်အတွက် မကစားပေးခဲ့ရတာဟာ ကျွန်တော့်အတွက်တော့ နောင်တတစ်ခုပါပဲ။ ကျွန်တော်ဟာ ဆဲလ်တစ်ရဲ့ ပရိသတ်အမာခံတစ်ယောက်ပါ။ Old Firm ဒါဘီပွဲစဉ်ဖြစ်တဲ့ ရိန်းဂျားနဲ့ ဆဲလ်တစ်ပွဲကိုကြည့်ဖို့ Ibrox ကွင်းကို သွားခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ဆဲလ်တစ်ပရိသတ်တွေဘက်မှာ ထိုင်ကြည့်ခဲ့တာကိုလည်း လူတွေ သိကြပါတယ်။"
"ဒါကြောင့် ၂၀၁၀ မှာ မန်ယူနဲ့အတူသွားကစားတဲ့အခါ ပရိသတ်တွေရဲ့ လှောင်ပြောင်တိုက်ခိုက်တာကို တော်တော်လေး ခံခဲ့ရတယ်။ အဲ့ဒီအချိန်က ကျွန်တော် မန်ယူကနေ ထွက်ခွင့်တောင်းပြီးမှ စာချုပ်သစ် ပြန်ချုပ်ထားတဲ့အချိန်ဆိုတော့ ခြေစွမ်းပြဖို့အတွက် ဖိအားတွေလည်း တော်တော်များနေခဲ့တာပါ။ အဲ့ဒီပွဲမှာ ကျွန်တော်တို့ ပင်နယ်တီရခဲ့ပြီး ကျွန်တော်ပဲ အောင်မြင်အောင် ကန်သွင်းနိုင်ခဲ့တယ်။ ဂိုးဝင်သွားတော့ အောင်ပွဲခံဖို့ ပြေးထွက်သွားတဲ့အချိန် ကွင်းထဲမှာ တကယ့်ကို ရန်လိုတဲ့ အငွေ့အသက်တွေ ဖြစ်နေခဲ့တာ။ အဲ့ဒီတုန်းက ကျွန်တော် တွစ်တာ Twitter တော်တော်သုံးတဲ့အချိန်ဆိုတော့ တွစ်တာပေါ်မှာလည်း ဝိုင်းပြီး အပြောခံခဲ့ရတယ်။ ဒါကလည်း ကျွန်တော် မျှော်လင့်ထားပြီးသားပါပဲ" လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။