The network connection is lost.

Banner Image

ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်ထက် မန်စီးတီးက စိတ်ဓါတ်ပိုင်းအသာရနေပြီလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဝိန်းရွန်းနီ

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်ထက် မန်စီးတီးတို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီးအသာစီးရသွားပြီလို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ မန်စီးတီးရဲ့ရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ရှိ အာဆင်နယ်နဲ့ အမှတ်ကွာဟချက်က ၆ မှတ်အထိ ကျဉ်းမြောင်းသွားခဲ့ပြီး လာမယ့်သီတင်းပတ်မှာတော့ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံကြပါလိမ့်မယ်။ ဒါ့အပြင် မန်စီးတီးက အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားပြန်ပါတယ်။

The Wayne Rooney Show မှာ ဝိန်းရွန်းနီက မန်စီးတီးကို ချန်ပီယံဆု ဘယ်လိုအရယူရမလဲဆိုတာ ကောင်းကောင်းသိသလို ဒီလုပ်ငန်းစဉ်အောင်မြင်အောင်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ နည်းပြတစ်ဦးကို ပိုင်ဆိုင်ထားတဲ့အသင်းလို့ ပြောကြားခဲ့ပါတယ်။

"သူတို့ဆီမှာရှိတဲ့ နည်းပြနဲ့ ကစားသမားတွေကြောင့်ပဲ မန်စီးတီးက ဒီနေရာမှာ အသာစီးရသွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ သူတို့က အာဆင်နယ်ကစားသမားတွေထက် ပိုပြီးတော့ တည်တည်ငြိမ်ငြိမ် ရှိနေပါလိမ့်မယ်" လို့ ရွန်းနီက ပြောပါတယ်။

"ပွဲစဉ်တွေ ဆက်တိုက်ရှုံးလာတဲ့အခါမှာတော့ စိုးရိမ်စိတ်တွေ ဝင်လာတတ်ပါတယ်။ 'နောက်ထပ်ဂိုးတွေ၊ နိုင်ပွဲတွေ ဘယ်တော့မှ ရလာမလဲ' ဆိုပြီး တွေးလာတတ်ကြတယ်။ အဲဒီလို အဆိုးမြင်စိတ်ဝင်လာတာက ကိုယ့်ရဲ့ခြေစွမ်းအပေါ် တကယ်ကို သက်ရောက်မှုရှိပါတယ်" လို့လည်း သူက ဆိုပါတယ်။

အာဆင်နယ်ရဲ့ ရုတ်တရက်ခြေစွမ်းကျဆင်းသွားမှုအပေါ် ရွန်နီက "ပရိသတ်တွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မန်စီးတီး အနိုင်မရအောင် နည်းလမ်းပေါင်းစုံနဲ့ တားဆီးရပါလိမ့်မယ်။ မန်စီးတီး ဂိုးမသွင်းနိုင်အောင် ကြံ့ကြံ့ခံကစားနိုင်ဖို့ လိုအပ်ပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။