တပည့်ဟောင်းနှစ်ဦးကို ဂျရတ်၊ ဝိန်းရွန်းနီတို့လိုကစားသမားတွေလို့ အမွှမ်းတင်လိုက်တဲ့ အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဂ်ဆန်
ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်းရွိုင်းဟော့ဂ်ဆန်က သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ အီဇီနဲ့ ဂူဟီတို့ရဲ့ အရည်အသွေးအပေါ် ဘာသံသယမှ မရှိဘူးလို့ ဆိုပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိ ရွိုင်းဟော့ဂ်ဆန်က လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးစီးတီးအသင်းကို တာဝန်ယူကိုင်တွယ်နေပြီး ဝိန်းရွန်းနီရဲ့ကိုယ်ပိုင် Podcast အစီအစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ အဆိုပါအစီအစဉ်မှာ ဝိန်းရွန်းနီက လက်ရှိအင်္ဂလန်အသင်းမှာ ဝိန်းရွန်းနီ၊ စတီဗင်ဂျရတ်နဲ့ တယ်ရီတို့လို အဆင့်အတန်းမျိုးရှိတဲ့ ကစားသမားတွေ ရှိနေသလားလို့ မေးမြန်းခဲ့ပါတယ်။
အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဂ်ဆန်က "ဂူဟီက အဲဒီအဆင့်မှာ ရှိနေသလို အီဇီကလည်း အဲဒီအဆင့်မှာပါပဲ။ တကယ်လို့ ခင်ဗျားတို့ အသင်းတစ်ခုဆီရောက်သွားတဲ့အခါ သူတို့လို ကစားသမားမျိုးတွေ ရှိနေမယ်ဆိုရင် ဒါ တကယ့်ကို ကံကောင်းတာပါပဲ။ ဒါ အောင်မြင်ဖို့အတွက် အခွင့်အလမ်းတစ်ဝက်လောက် သေချာပေါက် ရထားသလိုပါပဲ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အီဇီက ပြီးခဲ့တဲ့နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်မှ အာဆင်နယ်ဆီ ပြောင်းရွှေ့ခဲ့သလို၊ ဂူဟီကလည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။