The network connection is lost.

Banner Image

ယူနိုက်တက်မှာ အန္တရာယ်အပေးနိုင်ဆုံးကစားသမားက အာမက်ဖြစ်တယ်လို့ ဘုန်းမောက်နည်းပြပြော

ဘုန်းမောက်နည်းပြ အန်ဒိုနီအီရာအိုလာက မန်ချက်စတာယူနိုက်တက်မှာ ပြိုင်ဘက်ကို အန္တရာယ်အပေးနိုင်ဆုံးကစားသမားက အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ မားသီးယက်စ်ကွန်ညာတို့မဟုတ်ဘဲ တောင်ပံကစားသမားလေး အာမက်ဒီယာလိုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

လာမယ့် အင်္ဂါနေ့နံနက်မှာ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လိဂ် ၆ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှု ကိုရပ်တန့်ဖို့ အစွမ်းကုန်ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဘုန်းမောက်ဟာ ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာလာရောက်ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၂ ရာသီစလုံး ၀-၃ ဆိုတဲ့ဂိုးပြတ်နိုင်ပွဲကို ၂ နှစ်ဆက်တိုက်ဖော်ဆောင်ထားတာကြောင့် ယူနိုက်တက်အနေနဲ့လည်း အစဉ်အလာကိုချိုးဖျက်နိုင်ဖို့ ကြိုးစားသွားဖွယ်ရှိပါတယ်။ 

လက်ရှိအချိန်မှာတော့ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသရေ၊ ၄ ပွဲရှုံးရလဒ်နဲ့ကြုံတွေ့ထားရတာကြောင့် နည်းအီရာအိုလာအပေါ်မှာ ဖိအားတွေရှိနေပြီး အသင်းက အမှတ်ပေးဇယား အောက်ပိုင်းမှာရပ်တည်နေရပါတယ်။ ပြီးခဲ့တဲ့နွေရာသီအတွင်း ဒင်းန်ဟွိုင်ဆန်၊ မီလော့စ်ကာကက်ဇ်နဲ့ အီလီယာဇာဘန်ယီတို့လို ကြယ်ပွင့်ကစားသမားတွေကို ရောင်းချခဲ့တာကြောင့် ဘုန်းမောက်ဟာ ဒီရာသီမှာ လူအင်အားအတော်လေးလျော့နည်းနေတာလည်းဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ရှိအသင်းရဲ့အဓိကတိုက်စစ်ကြယ်ပွင့် ဆီမီညိုကလည်း လာမယ့်ဇန်နဝါရီမှာ ပေါင် ၆၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေး စတင်အသက်ဝင်မှာဖြစ်လို့ အသင်းကနေထွက်ခွာဖို့ အလားအလာများနေပါတယ်။ ယခုအခါမှာ အီရာအိုလာက "ယူနိုက်တက်ကတိုက်စစ်မှာ အမ်ဘွေမို၊ ကွန်ညာနဲ့ ဆက်စ်ကိုတို့လိုကစားသမားတွေခေါ်ယူထားတော့ အတော်လေးလူအင်အားတောင့်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် လက်ရှိယူနိုက်တက်မှာ ခြိမ်းခြောက်မှုအပေးနိုင်ဆုံးက အာမက်ပါပဲ။ သူက တကယ်ကိုအန္တာရာယ်များတဲ့ကစားသမားဖြစ်ပြီး ကျွန်တော်တို့ရဲ့နောက်တန်းအတွက် အခက်အခဲဖြစ်စေပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုဒီဇင်ဘာလနှောင်းပိုင်းမှာကျင်းပသွားမယ့် အာဖရိကဖလားပြိုင်ပွဲကြောင့် အာမက်ဟာ ဘုန်းမောက်နဲ့ပွဲစဉ်အပြီးမှာ လက်ရွေးစင်အသင်းနဲ့ပူးပေါင်းသွားရမှာဖြစ်ပြီး လက်ရွေးစင်အသင်းရဲ့အခြေအနေအရ ယူနိုက်တက်ရဲ့ပွဲစဉ်တွေကို ၄ ပတ်ခန့်လွဲချော်သွားဖွယ်ရှိပါတယ်။