ယုံကြည်မှုအပြည့်အဝရှိနေဆဲပါပဲလို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူ
ယမန်နေ့(တနင်္ဂနွေနေ့)၊ အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ်က ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲမှာ လေးကြိမ်မြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့အတွက် မထူးဆန်းလှတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်မှာ တော့တင်ဟမ်က တန်းဆင်းဇုန်အန္တရာယ်အတွက် ရုန်းကန်နေရတဲ့ အဲဗာတန်ကို ပထမပိုင်းပွဲချိန်အတွင်း သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်တွေမှာ အကောင်းဆုံးတိုက်ပွဲဝင်ခဲ့ပေမယ့် ၃-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်။
အခုရှုံးပွဲနဲ့အတူ မြောက်လန်ဒန်ကလပ်အသင်းက အမှတ်ပေးဇယားအဆင့်-၁၅ နေရာဆီ ရောက်ရှိသွားပြီး နည်းပြပိုစတိကိုဂလူလည်း နောက်ထပ်ဖိအားတွေနဲ့ ထပ်မံရင်ဆိုင်လာခဲ့ရပါတယ်။ ပွဲစဉ်အပြီး ပိုစတီကိုဂလူက “ လက်ခံဖို့ခက်ခဲတဲ့ ရလဒ်တစ်ခုပါ။ ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့တွေ အမှန်တကယ်ရုန်းကန်ခဲ့ရပါတယ်။ ဒါက အဲဗာတန်အတွက် အရှိန်အဟုန်တစ်ခု ဖန်တီးပေးပါတယ်။ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ်အခက်တွေ့အောင် လုပ်ဆောင်ခဲ့တာပါ။ ကစားသမားတွေကိုယ်တိုင်လည်း သေချာပေါက်ပြန်လာနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် တခဏလေးအတွင်းမှာပဲ ပြိုလဲကျသွားခဲ့ပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ တော့တင်ဟမ်က ပရီးမီးယားလိဂ် ၂၂ ပွဲကစားပြီးချိန် ခုနစ်ပွဲသာ အနိုင်ရရှိပြီး တန်းဆင်းဇုန်အထက် ရှစ်မှတ်အကွာမှာ ရပ်တည်နေပါတယ်။ အခုလိုအခက်အခဲတွေကြောင့် ယုံကြည်မှုတွေ ယိမ်းယိုင်သွားပြီလားလို့ မေးမြန်းမှုကို ပိုစတီကိုဂလူက “ မဟုတ်ပါဘူး၊ အဲ့ဒါမျိုး မဖြစ်လာပါဘူး။ ကျွန်တော်တို့ ရောက်ရှိနေတဲ့ အခြေအနေကို ပြန်ကြည့်လိုက်မယ်ဆိုရင် နောက်ဆုံးမှာ ဒီအခက်အခဲတွေ သေချာပေါက်ပျောက်ကွယ်သွားလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဒီအခြေအနေတွေကို သေချာပေါက်အလှည့်အပြောင်းပြုလုပ်နိုင်ဖို့ဆိုတဲ့ ယုံကြည်ချက်(သို့မဟုတ်)ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ မဆုံးရှုံးခဲ့ပါဘူး။ကစားသမားတွေကိုယ်တိုင်လည်း ဒီလိုစိတ်မျိုးမရှိဘူးဆိုတာ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ပြသခဲ့ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ပိုစတီကိုဂလူရဲ့အသင်းက လာမယ့်ကြားရက်၊ ဟော့ဖန်ဟိမ်းနဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားပြီးနောက် လာမယ့်သီတင်းပတ်ကုန်ပိုင်း၊ အိမ်ကွင်းမှာ လက်စတာကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဧည့်ခံကစားသွားရပါမယ်။